Friday, October 25, 2013

တောင်ကြီးတွင် အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို အောက် တိုဘာ ၂၃ ရက် နေ့လည် ၁၁ နာရီက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်မြေဖြူ စာကြည့်တိုက်ခန်းမ တွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ပြည်နယ် ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဒေါ်ခင်မိုးမိုးက “၂၀၀၈ ဖွဲ့စည်းပုံ မှာပါတဲ့ ချွတ်ယွင်းချက်တွေကို ပြည်သူလူထုကို သိရှိအောင် အသိပညာပေးဖို့ရယ်၊ ပြီးတော့ ပြည်သူလူ ထုဆန္ဒအမှန်ကို လိုချင်တာပါ”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီနဲ့ မကိုက်ညီသလို တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးနဲ့လည်း မကိုက်ညီကြောင်း ဒေါ်ခင်မိုးမိုးက ဝေဖန်လိုက်သည်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ကျွန်မတို့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုရယူတဲ့အခါမှာ ဒီမို ကရေစီလမ်းစဉ်နဲ့ သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်လို့မရပါဘူး။ အစစအရာရာ မကိုက်ညီတဲ့ ဖွဲ့စည်းပုံကြီးကို ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသည်အထိ ပြင်ဆင်နိုင်ဖို့ ပြည်သူလူထုကို သိအောင် ရှင်း လင်း တင်ပြခြင်းဖြစ်တယ်”ဟု ဆိုသည်။

ယင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို ရှင်းလင်းပေးခြင်း၊ သဘောထား အမြင် ကောက်ခံခြင်းများအား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ လွိုင်လင်ခရိုင်တို့တွင် ပြုလုပ်ပြီးဖြစ်ကာ အခြေခံဥပဒေအား ပြင်ဆင်သည့် ဆန္ဒသာများသည်ဟု တောင် ကြီးခရိုင် NLD ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်တိုးက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် တောင်ကြီးခရိုင်တွင် အခြေခံဥပဒေနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ ဆန္ဒကောက်ယူခြင်းများ ပြုလုပ်ရန် ခွင့်ပြုချက်တင်ရာတွင် အခက်အခဲများ ရှိခဲ့သည်ဟု တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်တိုးက ပြောသည်။

တောင်ကြီးခရိုင်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲသို့ တောင်ကြီးခရိုင် တွင်းရှိ ရွာငံ၊ ဟဲဟိုး၊ ဆီဆိုင်၊ ပင်းတယ၊ ရပ်စောက်၊ ဟိုပုံး ဒေသများမှ ပါတီဝင်များ၊ အခြားစိတ်ပါဝင်စား သူများ လူဦးရေ၂၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့သည်။
Mizzima

No comments:

Post a Comment