Friday, October 4, 2013

ဆန္ဒပြမှုများ မကြာခဏဖြစ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နိုင်ကြောင်း တိုင်းလုံခြုံရေးဝန်ကြီး ပြော

ပြည်တွင်းတွင် ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပေါ်နေပါက ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူများအနေဖြင့် တွန့်ဆုတ် သွားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် မြေသိမ်းခံရ သူများ
မြေပြန်ရရန်အတွက် ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး သပိတ်စခန်းဖွင့်၍ဆန္ဒပြရာ ယင်းကိစ္စ နှင့် ပတ်သက်ပြီး သတင်းထောက်များနှင့် မြို့တော်ခန်းမတွင်းတွေ့ဆုံစဉ်က ဖြစ်သည်။

ဗိုလ်မှူးကြီး တင်ဝင်းက “ရန်ကုန်မြို့က ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေ အများဆုံး ၀င်တဲ့မြို့ဖြစ်တယ်။ ဥပဒေမဲ့ လုပ်ရပ်တွေ များလာတယ်။ ကျူးကျော်နေထိုင်တာတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ရင်းနှီးမြှုပ်နှံမဲ့ လုပ်ငန်းရှင်တွေကို တွန့်ဆုတ်စေတယ်။ အခု သပိတ်စခန်းဖွင့် ဆန္ဒပြတာက ခွင့်ပြုချက်လည်း မတောင်းခံဘူး။ ဥပဒေဘောင်ထဲကပဲ လုပ်စေချင်တယ်”ဟု ပြောသည်။

မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊၂ ၊ ၃ မှ မူလပိုင်ရှင် မြေသိမ်းခံရသူများက မြေများပြန်ရနိုင်ရန်အတွက် အကြိမ်ကြိမ် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ထူးခြားမှုမရှိ၍ ယခုကဲ့သို့ သပိတ်စခန်းဖွင့်ရခြင်းဖြစ်ပြီး တာဝန်ရှိသူများက လာရောက် ဖြေရှင်းပေးခြင်းမရှိပါက သပိတ်စခန်း ရုပ်သိမ်းမည်မဟုတ်ဟု မိကျောင်းကန် ၃ ရပ်ကွက်မှ ဆန္ဒပြရာ တွင် ဦးဆောင်သူ ဦးဇော်ထွန်းက ရှင်းပြသည်။

မိကျောင်းကန်ရပ်ကွက်တွင်းမှ မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့်လှစ်၍ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက် ၍ အမှတ် (၃) တပ်ရင်းစု တပ်ဖွဲ့မှူး ဒု-ရဲမှုးကြီး ဦးသက်လွင်က “ခွင့်ပြုချက်မတင်ဘဲ သပိတ်စခန်းဖွင့်တယ်။ အရေးယူမယ်ဆိုရင် ပုဒ်မ ၁၈ ဖြစ်တဲ့အတွက် ငွေဒဏ် သုံးသောင်းနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်အပြစ်ပေးလို့ရတယ်”ဟု ဆို သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုများ သပိတ်စခန်း ဖွင့်လှစ်မှုများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေဖြင့် တွန့်ဆုတ်သွားမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မဇ္ဈိမသတင်းစာ၏မေးမြန်းမှုကို ဖြေကြားသည်။

ဆန္ဒပြ သပိတ်အဖွဲ့တွင် သက်ကြီးရွယ်အိုများ အများဆုံးပါသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ လူနာတင်ယာဉ်တစ်စီးဖြင့် အောက်တိုဘာ ၃ ရက်မှစ၍ ကျန်းမားရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။

လူအင်အား ၆၀၀ ခန့်ဖြင့် သပိတ်စခန်းဖွင့်လှစ်ကာ ဆန္ဒပြသူထဲတွင် အသက် ၆၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး သပိတ်စခန်းဖွင့်ပြီး ဒုတိယမြောက်နေ့ အောက်တိုဘာ ၃ ရက်တွင် လေဖြန်းသွားကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဦးစိန်သန်းက မဇ္ဈိမကို ပြောသည်။
Mizzima

No comments:

Post a Comment