Wednesday, October 23, 2013

Famoso စက်ရုံမှ အလုပ်သမားများ အလုပ်ပြန်ဆင်းသော်လည်း အချိန်ပိုဆင်းမည်မဟုတ်ဟုဆို

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်းရှိ Famoso အထည်ချုပ်စက်ရုံမှ အလုပ် ထုတ်ခံရသူ အလုပ်သမားသမဂ္ဂအဖွဲ့ သုံးဦး အလုပ်ပြန်လည်မရမချင်း အလုပ်သမား ၇၀၀ နီးပါး အချိန်ပို ဆင်းမည်မဟုတ်ဟု ယင်းစက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမျိုးမင်းဦးက မဇ္ဈိမကို အောက်တိုဘာ ၂၂ တွင် ပြောသည်။

အဆိုပါ အလုပ်သမား သုံးဦးကို အလုပ်ထုတ်မှုကြောင့် အောက်တိုဘာလ ၁၄ ရက်မှစတင်ပြီး စက်ရုံရှေ့ တွင် အလုပ်သမား ၇၀၀ နီးပါး ခုနစ်ရက်ကြာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အောက်တိုဘာ ၂၁ တွင် အလုပ်ပြန် ဆင်းသော်လည်း အချိန်ပိုဆင်းပေးမည်မဟုတ်ဟု ၎င်းတို့က ဆိုခြင်းဖြစ်သည်။ အဆိုပါစက်ရုံ၏ အချိန်ပို အလုပ်ချိန်မှာ ညနေ ၃ နာရီခွဲမှ ည ၅ နာရီခွဲအထိဖြစ်သည်။ ၎င်းတို့ ဆန္ဒဖော်ထုတ်ခြင်းကို ရန်ကုန်တိုင်း အလုပ်သမားရုံးဘက်က လာရောက် ဖြေရှင်းပေးသောကြောင့် ဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းလိုက်ခြင်း ဖြစ် သည်ဟုလည်း အလုပ်သမားများက ဆိုသည်။

ကိုမျိုးမင်းဦးက “အလုပ်သမားရုံးက လာညှိပေးလို့ အလုပ်ပြန်ဆင်းတယ်။ အလုပ်ထုတ်တဲ့ သုံးဦး အလုပ် ပြန်မ၀င်မချင်း အချိန်ပိုတော့ မဆင်းဘူး။ အချိန်ပိုမဆင်းတဲ့အတွက် သူတို့ရဲ့ကုန်ထုတ်လုပ်မှုတွေ နစ်နာ သွားနိုင်တယ်”ဟု ပြောသည်။

အလုပ်သမား သုံးဦးကို အလုပ်ထုတ်လိုက်ခြင်းမှာ အောက်တိုဘာ ၁၂ ရက်ကဖြစ်ပြီး လုပ်ခလစာ သုံးလ စာပေးပြီး အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်ဟု စက်ရုံဝန်ထမ်းများက ဆိုသည်။ ဆန္ဒဖော်ထုတ်ရာတွင် ယင်းစက်ရုံရှေ့၌ ငြိမ်သတ်စွာ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

အလုပ်ထုတ်ခံရသူ ကိုရဲလင်းစိုးက “ဒီကိစ္စက ခုံသမာဓိက ဆုံးဖြတ်ချက်ချရမယ်။ အလုပ်ထုတ်ရင် ဆန္ဒ ပြ သွားမယ်။ အခုလည်း စက်ရုံမှာ အချိန်ပို မဆင်းကြဘူး”ဟု ပြောသည်။

အလုပ်ထုတ်ခံရသူ သုံးဦးမှာ ယင်းစက်ရုံမှ ကိုရဲလင်းစိုး၊ မဟေမန်ချစ်နှင့် မအေးသီတာခိုင်တို့ဖြစ်ကာ စက်ရုံ အလုပ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ဖြစ်ပြီး ယင်းစက်ရုံတွင် ၁၀ နှစ် ၀န်းကျင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment