Friday, February 21, 2014

အင်းစိန် မီးရထားပိုင်မြေရှိ ကျူးကျော်များ ဖျက်သိမ်းရန်စီစဉ်

ရန်ကုန်တိုင်း အင်းစိန်၊ ဈေးကုန်းအရှေ့ စံကျော်စုရပ်ကွက် မီးရထားပိုင်နယ်မြေအတွင်း နှစ်၂၀ ကျော်နေ ထိုင်ခဲ့သည့် အိမ်ခြေ ၃၅ လုံးကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး မီးရထားရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူရမည်ဖြစ်သည်ဟု အင်းစိန်မြန်မာ့မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ(၁၄)မှ တပ်ကြပ်ကြီးမြင့်ငွေက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
အဆိုပါ ကျူးကျော်အိမ် ၃၅ လုံးကို ယင်းနယ်မြေရှိ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ မီးရထား ၀န်ထမ်းများ က ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၇ နာရီတွင် ၀င်ရောက်ဖျက်သိမ်းမည်ဖြစ်ရာ မီးရထားရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူရမည် ဖြစ်သည်။

တပ်ကြပ်ကြီးမြင့်ငွေက “ကျွန်တော်တို့ မီးရထားရဲတပ်ဖွဲ့ တပ်ခွဲမှူးအပါအ၀င် ၁၅ ဦးလိုက်မယ်၊ လုံခြုံရေး လိုက်ပေးရုံသက်သက်ပါပဲ။ ဖျက်တာက သက်ဆိုင်ရာဌာနက လုပ်တာပါ”ဟု ပြော သည်။

အင်းစိန်ဈေးကုန်း အရှေ့စံကျော်စုရပ်ကွက်ရှိ အိမ်များ ဖျက်သိမ်းရန် မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ တာဝန်ခံများက အင်းစိန်မြန်မာ့မီးရထား တပ်ခွဲ(၁၄)က ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ခေါ် ယူကာ ဖေဖော်ဝါရီ ၂၀ တွင် အစည်းအဝေးပြုလုပ် ခဲ့ပြီးနောက် ယင်း သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက အဆိုပါရပ်ကွက်အတွင်းရှိ အိမ်ခြေအချို့ကို ဖျက်သိမ်း ခဲ့စဉ်ကလည်း အင်းစိန်မြန်မာ့မီးရထားရဲတပ်ဖွဲ့ တပ်ခွဲ(၁၄)၀င် အင်အား ၁၅ ဦး လုံခြုံရေး တာဝန်ကို ဆောင်ရွက်ခဲ့သည် ဟု တပ်ကြပ်ကြီးမြင့်ငွေက ဆိုသည်။

အဆိုပါနေရာတွင် နှစ် ၂၀ ကျော်နေထိုင်ခဲ့သည့် အိမ်ခြေ ၂၂၅ လုံးရှိပြီးအနက် ၃၅ လုံးကို ဖျက်သိမ်းရန် မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)က စာရင်းကောက်ယူသွားသည့်အတွက် အိမ်ရှင်တို့က အိမ်အားလုံး ကို ဖျက်သိမ်းခြင်းမပြုရန် သမ္မတထံ တောင်းဆိုခြင်းကိုလည်း ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အိမ်ခြေ ၃၅ လုံးကို ဖေဖော်ဝါရီ ၂၀ ရက်တွင် အပြီးဖျက်သိမ်းထားရန် အင်းစိန်မြို့နယ်၊ ဈေးကုန်း အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အင်းစိန်ဈေးအရှေ့ရပ်ကွက် မြန်မာ့မီးရထား စက်ခေါင်းစက်ရုံဝန်ထမ်း များနှင့် မီးရထားရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် ယင်းရပ်ကွက်အတွင်းသို့ လာရောက်ကာ ပြောသွားခဲ့သည်ဟု ယင်းရပ်ကွက်တွင် နှစ်၂၀ ခန့်နေထိုင်ခဲ့သူဦးသိန်းဇော်က ဆိုသည်။

လက်ရှိတွင် ယင်းရပ်ကွက်အတွင်းရှိ ဖျက်သိမ်းရမည့်စာရင်းတွင်ပါဝင်သည့် အိမ်ခြေ ၃၅ လုံးတွင် အရွယ် မရောက်သေးသည့် ကလေးသူငယ်များနှင့် ကျောင်းနေအရွယ် ကျောင်းသား များ ရှိနေသဖြင့် အိမ်များကို ကြိုတင်ဖျက်သိမ်းခြင်းမရှိဟု ဆိုသည်။ ဈေးကုန်း အရှေ့ရပ်ကွက် အတွင်း အဆိုပါအိမ်ခြေ၂၂၅ လုံးအပြင် ၂၀၁၁ခုနှစ်အတွင်း ရောက်ရှိနေထိုင် လာကြသည့် အိမ်ခြေ ၆၂ လုံးကိုလည်း ဖေဖော်ဝါရီအတွင်းက ဖျက် သိမ်းပြီးဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment