Wednesday, February 5, 2014

ပုဒ်မ ၅၉(စ) ပြင်ဆင်သင့်၊ မသင့် လူထုဆန္ဒခံယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ကွန်ရက် တောင်းဆို

ပြည်သူလူထု၏ ဆန္ဒသဘောထားကို ပိုမိုထင်ရှားစွာ သိရှိစေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်က ပြည်ထောင်စုလွှတ်တော်ကို တောင်းဆိုလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဦးဆောင်သူ ကိုမျိုးရန်နောင်သိမ်းက “ဒီပုဒ်မ ၅၉ (စ) ပြင်ဆင်သင့်၊ မပြင်ဆင်သင့်ဆိုပြီးတော့ နိုင်ငံအနှံ့ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့လို့ရတဲ့ ဆန္ဒခံယူပွဲ တွေကို၂၀၀၈ ဖွဲ့စည်းပုံလိုမျိုးပဲ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်အောင် အစိုးရပိုင်းကလုပ်ပေး သင့်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်သည် ဖေဖော်ဝါရီ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက် တစ် စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ကွန်ရက်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုယ်တိုင်ပါ ၀င်ရေးဆွဲနိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် နိုင်ငံအနှံ့ လူထုဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ လူထုဆွေးနွေးပွဲများတွင် လူထု သဘောထား ကောက်ခံချက်များအရ ပြည် သူလူထုသည် နိုင်ငံသားတစ်ဦး၏ မူလအခွင့် အရေးဖြစ်သည့် “နိုင်ငံရေးအရ လွတ်လပ်စွာ ရွေးချယ်တင် မြှောက်ခွင့်နှင့် လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခံ ပိုင်ခွင့်”ကို မြန်မာနိုင်ငံသားတိုင်း အပြည့်အ၀ရရှိသင့် သည်ဟု ယုံကြည်ကြသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“နယ်လှည့်သွားလာပြီး ရှာဖွေတွေ့ရှိချက်အရ တက်ရောက်လာတဲ့လူအားလုံးက ၅၉(စ)ကို ပြင်ဆင်လို ကြတယ်။ ကျွန်တော်တို့က လူထုသဘောထားကို သိလို့ရအောင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဟောပြောတာပါ” ဟု ကိုမျိုးရန်နောင်သိမ်းက ဆိုသည်။

လူထုဆွေးနွေးပွဲပြုလုပ်ခဲ့သော မြို့များမှာ ရန်ကုန်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ ကျောက်ဖြူ၊ မန္တလေး၊ မော် လမြိုင်၊ ပဲခူး၊ တမူး၊ ဆီဆိုင်၊ ဖယ်ခုံ၊ တီးတိန် စသည်တို့ ဖြစ်ပြီး အဆိုပါမြို့များနှင့် ပတ်ဝန်းကျင်ဒေသ မြို့ များရှိ အဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့ ၀င်ရောက်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲများတွင် လူထုသဘောထား ကောက်ခံချက်များအရ မြန်မာနိုင်ငံ ပြည်သူလူထု၏ ၉၀ ရာခိုင်နှုန်းကျော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်လိုသည်ကို တွေ့ရှိရ သည်ဟု ကြေညာ ချက်တွင် ဖော်ပြ ထားသည်။
ပြည်သူ့ကွန်ရက်အနေဖြင့် နောက်ပိုင်း ဟောပြောမည့် မြို့နယ်များတွင် ပုဒ်မ ၅၉(စ)ကို ပြည်သူလူထုသိ ရှိရန် ဟောပြောမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဆွေးနွေးဟောပြောမှုများလုပ်ရန် အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် စည်းဝေးဆုံးဖြတ် သွားမည် ဖြစ်သည်။
ကွန်ရက်ကို အခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထု သိရှိနားလည်မှုမြင့်လာစေရန်၊ ဖွဲ့စည်းပုံကို ပြင် ဆင်ရေးဆွဲသည်ဖြစ်စေ၊ အသစ်ရေးဆွဲသည်ဖြစ်စေ ပြည်သူလူထု ပိုမိုပူးပေါင်းဆောင်ရွက် လာစေရန်နှင့် ပြည်သူ့ ဆန္ဒနှင့်အညီ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment