Wednesday, February 5, 2014

စစ်သင်တန်းကျောင်းနယ်မြေဟုဆိုကာ လှည်းကူးမြို့နယ်မှ အိမ်ခြေ ၄၀၀ ရှိ ရွာကို စက်ယန္တရားကြီးများနှင့် ဖျက်ဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အနီး သမီးလေးကျေးရွာကို စစ်သင်တန်းကျောင်းနယ်မြေပိုင်ဟုဆိုကာ အဆို ပါနေရာရှိ အိမ်ခြေ ၄၀၀ ခန့်ကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အစိုးရပိုင်းက ဇန်န၀ါရီ ၄ရက်တွင် ဘူဒိုဇာ များဖြင့် ဖျက်သိမ်းလိုက်သည်ဟု အဆိုပါကျေးရွာတွင် နေထိုင်သူများက ပြောသည်။

“နံနက် ၅ နာရီလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့လူတွေက အိမ်တွေကို ၀င်ဖျက်တယ်။ ဖျက်လို့မရတဲ့အိမ်တွေကို ဘူဒိုဇာနဲ့ထိုးတယ်။ အကုန်လုံး တစ်အိမ်မကျန် အကုန်လုံးကို ဖျက်ဆီးပစ်တာ။ ဘာမှမထားဘူး။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးပစ်ခတ်ပြီး ယူသွားကြတယ်”ဟု ဦး မြင့်မောင်က ဆိုသည်။

သမီးလေးကျေးရွာကို ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လှည်းကူးမြို့ မြေပုံတွင် ရွာအမည် ပေါက်ရှိကာ အိမ်ခြေပေါင်း ၄၀၀ ခန့်အထိရှိနေရာတွင် ကျုးကျော်အဖြစ် သတ်မှတ်ပြီးနောက် တစ်လအ တွင်းပြောင်းရွှေ့ပေးရန် လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သတိပေးအကြောင်းကြားစာများ သုံးကြိမ် ထက်မနည်း ပေးပို့သည်ကို လက်ခံရရှိခဲ့ကြောင်း သမီးလေးကျေးရွာမှ ဦးမြင်မောင့်က ပြောသည်။

အရပ်ဝတ်များနှင့် ၀န်ထမ်းများအပါဝင် စုစုပေါင်းအင်အား ၂၀၀၀ ခန့်ဖြင့် ဖျက်ဆီးခဲ့ပြီး ဖော်ဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် တစ်ရွာလုံးကို ဖျက်သိမ်းပြီးစီးနေပြီဖြစ်သည်ဟု အဆိုပါကျေးရွာသား များက ပြောသည်။

“ကျွန်တော်တို့နေတာ ကြာလည်းကြာပြီ။ ဒီလိုဖျက်သိမ်းခံရမယ်လို့ မတွေးထားဘူး။ အဲတော့ သတိပေး စာတွေရောက်လာပေမယ့် ဒီလိုတွေဖျက်ဆီးခံရမယ်လို့ မထင်ထားဘူး။ အခုတော့ အကုန်ပျက်စီးကုန်ပြီ” ဟု ထိုကျေးရွာမှ ကိုနေလင်းက ဆိုသည်။

ယင်းသို့ နေအိမ်များဖျက်ဆီးမှုနှင့်ပတ်သက်ပြီး လှည်းကူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမသတင်းစာမှ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ဖျက်ဆီးခံရမှုများနှင့်ပတ်သက်ပြီး သမီးလေးကျေးရွာတွင် နေထိုင်ကြသူများက ပြန်လည်ပြီး လျော်ကြေး ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ တာဝန်ယူမှု အစအဆုံးလုပ်ပေးစေလိုပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိ ပါက ကျေးရွာသားများအားလုံး ရန်ကုန်မြို့အထိ တက်ရောက် ဆန္ဒဖော်ထုတ်သွားမည်ဟု အဆိုပါကျေး ရွာသားများက ပြောဆိုကြသည်။

Mizzima - News in Burmese

No comments:

Post a Comment