Thursday, February 6, 2014

ကေအိုင်က ဆပ်ကြေးများ ဆက်လက် ကောက်ခံလျှက်ရှိ

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖားကန့်ဒေသ ကရင်ချောင်ကျေးရွာသား လက်လုပ်လက်စား ဆယ်ဦးခန့်ကို ကေအိုင်အေ ရင်း (၆) တပ်စခန်းတည်ရှိရာ ဂျာလီယန်သို့ခေါ်ယူ၍ ဆပ်ကြေး များကို တောင်းခံခဲ့ကြောင်းဒေသခံများကဆိုသည်။
'' တစ်ချို့က တစ်သိန်းကျော် တစ်ချို့ကလည်း နှစ်သိန်းခွဲကနေ ငါးသိန်းအထိပေးကြရတယ်။ " ဟု အမည်မဖော်လိုသူ ကရင်ချောင်ရွာသားတစ်ဦးကဆိုသည်။

အင်းတော်ကြီးဒေသ ရွာသစ် ကျေးရွာတွင်လည်း ဇန်န၀ါရီ ၂၃ ရက်နေ့က တစ်အိမ်လျှင် ဆန် ၃ အိတ်ပေးဆောင်ခဲ့ရပြီး ဆန်မပေးနိုင်သည့်လူများ ငွေ ၆ သောင်းကျပ်ကို ကျေးရွာ အုပ်ချုပ်ရေးမူး ကိုယ်တိုင် ကောက်ခံပေးခဲ့ရကြောင်းသိရသည်။ အဆိုပါကျေးရွာရှိ ဆင်များကိုလည်း တပ်သစ် တည်ရန် အတွက် ချောဆွဲသွားခဲ့ကြောင်းလည်းသိရသည်။
'' ဘုန်းကြီးကျောင်း ဆောက်ဖို့လုပ်နေတာတောင် နေလို့မရဘူး။ ခိုင်းတဲ့ဆင်ကို အတင်းခေါ်သွားတယ်။ " ဟု အဆိုပါ ကျေးရွာနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ထို့ပြင် မိုးညှင်းမြို့နယ် နန်းမားဒေသ အင်းကုန်း ကျေးရွာအုပ်စုရှိ ကန်ကုန်းလေးကျေးရွာ ၊ ဘိုကုန်းကျေးရွာ ၊ အင်းကုန်း ကျေးရွာ တို့တွင်လည်း သစ်စက်က ၁ သိန်းခွဲ ဆန်စက်က ၁ သိန်း ဆင်တစ်ကောင် လျှင် ငါးသိန်းခန့် အား နန်းမား ရန်အောင်ရပ်ကွက် အိမ်အမှတ် (၃၃) နေ ကေအိုင်အေ ရင်း ၅ တာဝန်ခံ ဦးနော်ဆန်းနှင့် ဦးတန်ဂွန်းတို့ကိုယ်တိုင် ကောက်ခံလျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

အစိုးရနှင့် ကေအိုင်အို/ကေအိုင်အေ တို့၏ နောက်ဆုံး ပြုလုပ်သော ငြိမ်းချမ်းရေး သဘော တူညီချက် နှစ်ဖက်လိုက်နာရန်အချက် (၁) (င) တွင် ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းများ ရယူခြင်းမပြုလုပ်ရဟူ၍ဖော်ပြပါရှိသည်။

ရှမ်းနီ သတင်းဌာန

No comments:

Post a Comment