Thursday, February 6, 2014

ဘုရားပွဲခင်းတွင် ဓါးရှည်ကိုင်ကာရမ်းကားနေသူကို ဖမ်းဆီးအရေးယူ

၅.၂.၂၀၁၄ ရက်နေ့ ၀၂၄၅အချိန် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကြည့်မြင်တိုင်မြို့နယ်၊ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲအောင်မြင်သည့်အထိမ်းအမှတ်အဖြစ် ဇာတ်ပွဲကပြဖျော်ဖြေရာ၌ လုံခြုံရေးဆောင်ရွက်နေစဉ် ဇာတ်စင်ဝဲဘက်ဘေး တွင် လူတစ်ဦး ဓါးကိုင်ရမ်းကားနေကြောင်းသတင်းအရ သွားရောက်ဖမ်းဆီး ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီး ရပ်ကွက်နေ ဝေလင်း(ဘ)ဦးစံညိမ်းမှာ အရိုးအသွား(၂)ပေ(၆)လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးရှည်အား ကိုင်ဆောင် ကာရမ်းကားနေသည်ကို တွေ့ရပါသည်။

အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် ဝေလင်းအားဖမ်းဆီးရာ ၎င်းမှအသာတကြည် အဖမ်း မခံဘဲ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့သဖြင့် လုံးထွေးဖမ်းဆီးခဲ့ရပါသည်။

ယင်းသို့ဖမ်းဆီးစဉ် ဝေလင်းတွင် ဦးခေါင်း၊ နဖူးနှင့် ယာချိုစောင်းတို့၌်ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာရရှိခဲ့၍ ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ ပို့ဆောင်ပြသခဲ့ရာ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။

အဆိုပါ ဓါးရှည်ကိုင်ရမ်းကားသူ ဝေလင်းအား စက်ဆန်းနယ်မြေရဲစခန်း (ပ)၄၁/၂၀၁၄ ၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment