Saturday, February 1, 2014

တောင်ငူခရိုင် သန်းခေါင်စာရင်း ကောက်ယူရန် ပညာရေး ဝန်ထမ်း ၁၇၀၀ ကျော် သုံးမည်

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် ခြောက်မြို့နယ် ဖြစ်သော တောင်ငူ၊ ထန်းတပင်၊ ရေတာ ရှည်၊ ကျောက်ကြီး၊ အုတ်တွင်းနှင့် ဖြူးမြို့နယ်တို့တွင် ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကောက်ယူ မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် အခြေခံပညာ ဦးစီးဌာနမှ ပညာရေး ဝန်ထမ်း ၁၆၇၇ ဦးနှင့် အရန်အင်အား ၈၄ ဦး အပါအဝင် ဆရာ၊ ဆရာမ ၁၇၀၀ ဦးကျော်ကို အသုံးပြုသွား မည် ဖြစ်ကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဝင်းက ပြောကြားသည်။

“တောင်ငူခရိုင် ခြောက်မြို့နယ်မှာ ကောက်ကွက်ပေါင်း ၁၆၇၇ ကွက် သတ်မှတ်ထားတယ်။ ကောက်ကွက် တစ်ကွက်ကို ဆရာတစ်ဦးနဲ့ ကောက်ကွက် ငါးကွက်ကို ပြန်လည် စစ်ဆေးဖို့ တစ်ဦး သတ်မှတ်ထားတော့ သန်းခေါင်စာရင်း ကောက်ဖို့ ပညာရေး ဝန်ထမ်း အယောက် ၁၇၆၁ ဦးကို အသုံးပြုသွားမယ်။ သန်းခေါင်စာရင်း ကောက်ယူဖို့ကို သင်တန်းတွေလည်း ဖွင့်ပေးထားတယ်” ဟု ၎င်းက ဆိုသည်။

စာရင်း ကောက်ယူပေးသော ဆရာ၊ ဆရာမများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နေ့တွက် စရိတ်အဖြစ် စာရင်းကောက်သူ ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၊ စာရင်းစစ်ဆရာ၊ ဆရာမ တစ်ဦးလျှင် ငွေကျပ် ၄၀၀၀ နှုန်းများဖြင့် တောင်ငူခရိုင် ခြောက် မြို့နယ်အတွက် ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။

မူလတန်းပြနှင့် အလယ်တန်းပြ ဆရာများကို စာရင်းကောက်ရန်အတွက် တာဝန်ပေးမည်ဖြစ်ပြီး အထက်တန်းပြ ဆရာများကို စာရင်းစစ်ဆေးရန် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း တောင်ငူ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

တောင်ငူခရိုင် ခြောက်မြို့နယ်အတွင်း ယခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ ၁၂ ရက် တိုင် ကောက်ကွက်ပေါင်း ၁၆၇၇ ကွက် သတ်မှတ်၍ ပညာရေး ဝန်ထမ်း ၁၆၇၇ ဦးက သန်းခေါင် စာရင်း ကောက်ယူမှု ပြုမည် ဖြစ်ပြီး ကောက်ကွက် ငါးကွက်လျှင် အထက်တန်းပြဆရာ၊ ဆရာမ တစ်ဦးစီက စာရင်းပြန်လည် စစ်ဆေး ပေးသွားမည် ဖြစ်သော်လည်း ကောက်ကွက် ငါးကွက်ထက် ပိုပြီး နယ်မြေဒေသ တစ်ဆက်တည်း ရှိပါက တစ်ဦးစီသာ တာဝန် ပေးအပ်ရန် ရှိကြောင်း တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။

“ကျွန်မတို့က နွေလည်း မနားရဘူး။ သူတို့ပေးမယ့် ပိုက်ဆံက တစ်ရက် ၄၀၀၀ ဆိုပေမယ့် ဘယ်မြို့နယ်ကို ချမှာဆိုတာ မသိရဘူး။ စားစရိတ် သောက်စရိတ်က ဘယ်လောက် ကုန်မယ်မှန်းလည်း သိတာ မဟုတ်ဘူး” ဟု တောင်ငူမြို့နယ် လေးမိုင် အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ၁၉၈၃ ခုနှစ်တွင် နောက်ဆုံး ကောက်ယူခဲ့ပြီး နောက်ဆုံး မှတ်တမ်းများအရ မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် လူဦးရေ စုစုပေါင်း ၄၈ သန်းခန့် ရှိခဲ့ကြောင်း၊ လက်ရှိတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းများအရ တစ်နိုင်ငံလုံး၌ လူဦးရေ စုစုပေါင်း သန်း ၆၀ ခန့် ရှိနေနိုင်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာန အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

တောင်ငူခရိုင် ခြောက်မြို့နယ်အတွင်း ၂၀၁၃ ခုနှစ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စာရင်းဇယားများအရ လူဦးရေ စုစုပေါင်း ၁၁ သိန်းခန့် ရှိနေပြီး တောင်ငူမြို့နယ် ရပ်ကွက်၊ ကျေး ရွာပေါင်း ၆၄ အုပ်စုတွင်ပင် လူဦးရေ ၂၄၀,၀၀၀ ကျော် ရှိကြောင်း အဆိုပါဌာန၏ မှတ်တမ်းများအရ သိရ သည်။

The Voice Weekly

No comments:

Post a Comment