Wednesday, February 5, 2014

ဝန်ကြီးဦးအုန်းမြင့်ကို တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော်ဆန္ဒပြ

“နယ်လှည့်ပါးရိုက်နေတယ်”ဟု ပြောဆိုခဲ့သည့် မွေး/ရေ၀န်ကြီးဦးအုန်းမြင့်ကို မကျေနပ်သည့်အတွက် ပဲခူးတိုင်း ပြည်မြို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြည်သူလူထုအားလုံးအတွက် ပါးကို အချက် သန်းခြောက်ဆယ် အရိုက်ခံမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်မြို့အတွင်း တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြလိုက်သည်။

“သူ့ကို ၀န်ကြီးအဖြစ် အသိအမှတ်မပြုတော့ဘူး။ သပိတ်မှောက်လိုက်ပြီ။ သပိတ်မှောက်တယ်ဆိုတာ သူ့ ကိုဂရုမစိုက်တော့ဘူး။ အသိအမှတ်လည်း မပြုတော့ဘူး။ စာရင်းထဲမှာလည်း မထားတော့ဘူး။ Boycott လုပ်လိုက်တာ”ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဦးအုန်းမြင့်သည် ပြည်သူလူထုကို ပြန်လည်တောင်းပန်သင့်ပြီး လွှတ်တော်ကလည်း ခေါ်ယူဆုံးမ သင့်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

ဦးမြင့်အေးသည် တစ်ကိုယ်တော်ဆန္ဒပြရာတွင် “ပြည်ထောင်စုဝန်ကြီး အုန်းမြင့် နယ်လှည့်ပြီး ပြည်သူကို ပါးမရိုက်ပါနဲ့၊ ကျုပ်တစ်ယောက်တည်းကို သူတို့ကိုယ်စား ပါးရိုက်လိုက်ပါ အချက်သန်းခြောက်ဆယ်ရိုက် ပါ၊ အားရင် ကျုပ်ကိုပါးလာရိုက်ပါ၊ ပါးကောင်းလို့ လက်ဝါးတောင်းတာပါ”ဟု စာသားပိုစတာကို ကိုင်ကာ လမ်းလျှောက်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည် ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းကို တားမြစ်သော်လည်း ဆက်လက်ဆောင်ရွက်သည့်အတွက် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ပြည်(၁) ရဲစခန်းမှူး ရဲအုပ်မျိုးဝင်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment