Thursday, February 20, 2014

ပညာရေးဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အမေရိကန်ဒေါ်လာ တစ်သန်း နှစ်စဉ်သုံးမည်

ပညာရေးဝန်ကြီးဌာန၏ ကျောင်းထောက်ပံ့ရေး သုံးနှစ်စီမံချက်တွင် ပညာရေးဝန်ထမ်းများ စွမ်းရည် မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းစီကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်သုံးစွဲရန် လျာထားကြောင်း ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခြေခံပညာကျောင်း ထောက်ပံ့ရေး အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ် အတိုးမဲ့ချေးမည် ဖြစ်ပြီး ပထမသုံးနှစ် (၂၀၁၄-၂၀၁၅ မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်) အမေရိကန်ဒေါ်လာ သန်း ၂၀ ကာလတွင် ပညာရေးဝန်ထမ်းများ အရည်အသွေး တိုးမြှင့်ရေးအတွက် အမေရိကန်ဒေါ်လာ သုံးသန်းသုံးစွဲရန် လျာထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

စွမ်းရည်မြှင့် သင်တန်းများကို အခြေခံပညာ ကျောင်းအုပ်ဆရာကြီးများ၊ မြို့နယ် ပညာရေးမှူးများနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ပညာရေး ဝန်ထမ်းများအတွက် ရည်ရွယ်ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ဆွေးနွေးပွဲတွေ ထပ်လုပ်ပြီး သန်း ၂၀ ဘယ်လိုသုံးစွဲရမလဲ ညှိနှိုင်းရဦးမယ်။ ဒီအစီအစဉ်ကလည်း အတည်မပြုရသေးဘူး” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်က The Voice သို့ပြောဆိုသည်။
ယင်းအပြင် ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပညာရေးအသုံး စရိတ်တိုးမြှင့် ပေးလျှင်လည်း ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက် ထပ်တိုးသုံးစွဲသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး၏ ပြောကြားချက်များအရ သိရသည်။

အခြေခံပညာကဏ္ဍကျောင်း ထောက်ပံ့ကြေးနှင့် ပညာသင်ဆု ထောက်ပံ့ကြေးများအတွက် သြစတြေးလျ အစိုးရက အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၆၀ တို့ အသီးသီးပံ့ပိုးရန် အတည်ပြုချက် ရထားကြောင်း ပညာရေးဝန်ကြီးဌာန ကျောင်းထောက်ပံ့ရေး စီမံကိန်း (မူကြမ်း) တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment