Thursday, February 13, 2014

သားကိုပြန်လာခေါ်သော ဇနီးသည်ကို ခင်ပွန်းက အက်စစ်ဖြင့်ပက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်၊ ဝါးခင်းကျောင်းလမ်း တွင် ဖေဖော် ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က လင်မယား ကွဲကွာနေစဉ် ခင်ပွန်း၏ နေအိမ်ထံ ကျန်ခဲ့သော သားဖြစ်သူကို လာခေါ်သည့် ဇနီးသည်အား ခင်ပွန်းဖြစ်သူက အက်စစ်ဖြင့် ပက်ခဲ့ကြောင်း အင်းစိန် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းရှိ ပြည်ရိပ်မွန် အိမ်ရာတွင်နေသူ အသက် ၂၃ နှစ်အရွယ် အမျိုး သမီးနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့ စကားများရာမှ ခေတ္တကွဲကွာနေစဉ် တစ်နှစ်ခွဲအရွယ် သားငယ်မှာ ခင်ပွန်း ထံ ကျန်ခဲ့သောကြောင့် ပြန်လာခေါ်ရန် ၎င်း၏ ခင်ပွန်းက ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနော က် ဇနီးမှာ ၎င်း၏ ဆွေမျိုးများနှင့်အတူ ကလေးငယ်ကို သွားရောက် ခေါ်ယူစဉ် ခင်ပွန်းက အက်စစ်ဖြင့် ပက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “ကလေးပြန်ခေါ်ဖို့ အမျိုးသမီးက ကားနဲ့လာတာ လမ်းထဲ ကားဝင် မရတာကြောင့် ဆွေမျိုးတွေက လမ်းထိပ်မှာ နေခဲ့ပြီး သူတစ်ယောက်ထဲ ယောက်ျားအိမ်မှာ ကလေး သွားခေါ်တာ။ တော်တော်နဲ့ ပြန်မလာတာကြောင့် ဆွေမျိုးတွေက သူ့ယောက်ျားအိမ် လိုက်ကြည့်တော့မှ အိမ်ထဲမှာ လဲကျနေတာ တွေ့ခဲ့တာ” ဟု အဆိုပါ အက်စစ်ဖြင့် အပက်ခံရစဉ် သွားရောက် စစ်ဆေးခဲ့သော ရဲအရာရှိက ရှင်းပြသည်။

အက်စစ်ဖြင့် အပက်ခံမှုကြောင့် အမျိုးသမီး၏ မျက်နှာနှင့် ကိုယ်ခန္ဓာရှိ အရေပြားများ လောင်ကျွမ်းသည့် ဒဏ်ရာများရရှိကာ အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း စော်ဘွားကြီးကုန်း ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“လင်မယားကွဲတာ လပိုင်းလောက်ပဲ ရှိသေးတယ်။ မကွဲခင်ကလည်း မကြာခဏစကားများ ရန်ဖြစ်တယ် လို့ ဘေးပတ်ဝန်းကျင်က ပြောသံတော့ ကြားမိတယ်။ သူ့ယောက်ျား ပက်သွားတဲ့ အက်စစ်က အပြင်းစား မဟုတ်ဘူးလို့ သိရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဇနီးသည်ကို အက်စစ်ဖြင့် ပက်ခဲ့သော ခင်ပွန်းကို (ပ) ၁၃၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment