Friday, April 4, 2014

ကုလအထူးအကြံပေး မစ္စတာဗီဂျေနမ်ဗီးယား လိုင်ဇာသို့ တစ်ညအိပ်ခရီး သွားရောက်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယားသည် ကေအိုင်အို နည်းပညာအဖွဲ့ရုံး (TAT) တာဝန်ရှိသူများနှင့်အတူ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာသို့ ဧပြီလ ၂ ရက်နေ့က တစ်ညအိပ်ခရီး သွားရောက် ခဲ့ကြောင်း ကေအိုင်အို နည်းပညာအဖွဲ့(TAT) ထံမှ စုံစမ်းသိရှိရသည်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယားသည် ဧပြီလ ၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ဧပြီလ ၂ ရက်နေ့ နံနက်တွင် ကေအိုင်အို နည်းပညာအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆရာဒေါင်ခါးတို့နှင့်အတူ လိုင်ဇာသို့ သွားရောက်၍ ကေအိုင်အို ဗဟိုကော်မတီဝင် များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း၊ ယင်းကဲ့သို့ ကုလကိုယ်စားလှယ်နှင့် ကေအိုင်အို
ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီး မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည် ဆိုခြင်းကိုမူ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း လိုင်ဇာရှိ ကေအိုင်အို ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားသည်။
“ကုလကိုယ်စားလှယ်က ကေအိုင်အို လူကြီးတွေနဲ့တွေ့ပြီး နေ့လယ်ပိုင်းမှာ ဂျေယန်း ဒုက္ခသည်စခန်းကို သွားခဲ့တယ်။ တစ်ညအိပ်ပြီး မနက်ဖြန် ဧပြီ ၃ ရက်နေ့ ပြန်မှာပါ။ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူး” ဟု အဆိုပါ အရာရှိက ဆိုသည်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယား၏ ယခုတစ်ခေါက် ကချင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက “လိုင်ဇာသွားဖို့ အစီအစဉ်ပဲ ပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဖို့တော့ မရှိဘူး” ဟု ဆိုသည်။
ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် အနေဖြင့် ယခုတစ်ကြိမ် လိုင်ဇာမြို့သို့ သွားရောက်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းကလည်း လိုင်ဇာသို့ သွားရောက်ကာ ကေအိုင်အို ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
The Voice Weekly

No comments:

Post a Comment