Monday, June 2, 2014

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ပြင်ခဲ့သော် . . .

မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၅၂)အနီးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်နှစ်ဦးသည် မြန်မာနယ်စပ်အနီး ပေ ၈ဝ ခန့်သို့ ချဉ်းကပ်လာပြီး လုံခြုံရေးတာဝန် ဆောင်ရွက်နေသော မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပတ်ခတ်မှု ဖြစ်စဉ်တွင် အဝါရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး အမ်-၂၂ သေနတ်တစ်လက်၊ ကျည်ကတ်လေးခု၊ ကျည် ၉၈ တောင့် သိမ်းဆည်းရမိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သို့သော် မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးအား မြန်မာနိုင်ငံ ဘက်မှ အပြန်အလှန်ပစ်ခတ်ပြီး ဖမ်းဆီးထားကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ်ပေး ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ဒါကာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဆင့်ခေါ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းရန်နှင့် ဖမ်းဆီးထားသူအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ထုတ်ပြန်ချက်များတွင် မေ ၂၈ ရက် ဗုဒ္ဓဟူးနေ့က ပျောက်ဆုံးခဲ့သူမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ Nayek Md Mizanur Rahman ဖြစ်ကြောင်း ၎င်းသည် ပုံမှန်ကင်းလှည့်နေစဉ် မြန်မာဘက်မှ စတင်ပစ်ခတ်ပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏လူမှုကွန်ရက် (facebook) စာမျက်နှာတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များမှ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ပါ။ မိမိနိုင်ငံ ပိုင်နက်နယ်မြေသို့ ဝင်ရောက်လာသည့် RSO ဟုယူဆရသော လက်နက်ကိုင်များသာ ဖြစ်ပါသည်ဟု ပြန်လည်ရှင်းလင်းခဲ့ပြီး လက်မောင်းတံဆိပ်မပါ ပြောက်ကျားဝတ်စုံ အဝါဝတ်၊ လက်နက်ကိုင်များ မိမိနယ်မြေသို့ ဝင်ရောက်လာ၍ ဖြစ်ပွားရခြင်းသာဖြစ်ကြောင်း ပြန် လည်တုံ့ပြန်ခဲ့သည်။
ယင်းသို့ အပြန်အလှန် ပြောဆိုမှုများ ဖြစ်ပေါ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်လာခဲ့ပြီး အဆိုပါသတင်းများကို ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် အကျယ်တဝင့် ဖော်ပြလာခဲ့သည်။ မေ ၃ဝ ရက်တွင် မြန်မာနိုင်ငံဘက်က ဘင်္ဂလားဒေ့ရှ်မှ တောင်းဆိုထားသော လက်နက်ကိုင်၏ အလောင်းအား ပြန်ပေးရန် စီစဉ်ခဲ့သော်လည်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မေ ၃၁ ရက်မှသာ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မေ ၃၁ ရက်မှစတင်ကာ ပြန်လည်တည်ငြိမ်သွားပြီးဖြစ်ပြီး မေလအတွင်း ပစ်ခတ်မှုများကြောင့် မြန်မာဘက်မှ နယ်ခြားစောင်ရဲတပ်ဖွဲ့ဝင်လေးဦး ကျဆုံးကာ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့အား တိုက်ခိုက်သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် (Rohingya Solidarity Organization- RSO) သောင်းကျန်းသူ များဖြစ်ကြောင်း မြန်မာနိုင်ငံ ဘက်မှ ၂ဝ၁၄ မေ ၂၁ ရက်တွင်ပြုလုပ်ခဲ့သော နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BGB တပ်ရင်းမှ တပ်ရင်းမှူးက အဆိုပါ သောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများ မဟုတ်ကြောင်း အတိအလင်း ငြင်းဆိုခဲ့သည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ဆွေးနွေးရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အဆိုပါ အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တာဝန်ယူ ဖမ်းဆီးပေးသင့်ကြောင်း၊ အကယ်၍ တာဝန်ယူမပေးပါက နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားနိုင်ကြောင်း၊ ထို့အပြင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ကင်းတပ်ဖွဲ့များအား မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားလျှင် (INSURGENCE) သောင်းကျန်းသူ နယ်မြေအဖြစ် သတ်မှတ်ကာ တပ်မတော်မှ ရှင်းလင်းဆောင်ရွက် သွားတော့မည်ဟုလည်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် အရာရှိများအား အဆိုပါဆွေးနွေးပွဲတွင် ရှင်လင်းခဲ့သည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ယခင်ကလည်း နယ်စပ်ဒေသပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့် စစ်ရေးအရ တင်းမာမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြား ထွက်ရှိသည်ဟု ယူဆခြင်းကြောင့် ပိုင်ဆိုင်မှု အငြင်းပွားခဲ့သော စိန့်မာတင်ကျွန်း (St. Martin’s Island) (မြန်မာအခေါ် အုန်းကျွန်းအား ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး (ITLOS) ၏ ဆုံးဖြတ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်က ပိုင်ဆိုင်သွားခဲ့ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မကြာခဏဆိုသလို စစ်ရေးတပ်လှန့်မှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆုံးဖြစ်ပေါ်ခဲ့သော တပ်လှန့်မှုမှာ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဘင်္ဂလားဒေ့ရှ်ရေတပ်သည် စိန့်မာတင်ကျွန်းအနီးတွင် ကျည်ဆန် အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်တွင် မြန်မာ ဘက်မှလည်း ရေတပ်စစ်သင်္ဘောများကို အဆိုပါဒေသသို့ စေလွှတ်ခဲ့သည်။
လတ်တလော ဖြစ်ပေါ်နေသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်ရိုးတစ်လျှောက် ပစ်ခတ်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ကို ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဆက်တိုက်ဆိုသလို ဖော်ပြနေကြသော်လည်း မြန်မာအစိုးဘက်ကမူ စစ်အင်အားတိုးချဲ့ချထားမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။ သို့သော် facebook စာမျက်နှာဖြစ်သည့် Myanmar Defence Weapon တွင် တပ်မတော်ရေနှင့်ပတ်သက်သည့် အကြောင်းအရာများကို မေ ၃ဝ ရက်မှစတင်ကာ ဆက်တိုက်ဖော်ပြလာပြီး “မြန်မာရေပြင်ကို ကာကွယ်ရန် တပ်မတော်(ရေ) အသင့်ရှိသည်” ဟု အမည်ပေးထားသည့် တပ်မတော်ရေ၏ စစ်ရေးလေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံ များကို ဖော်ပြခဲ့သည်။
တပ်မတော် (ရေ) မှ ကိုကိုးကျွန်းအရှေ့ ရေပြင်တွင် လေ့ကျင့်ဆောင်ရွက်ခဲ့သော Combined Fleet Exercise (Sea-Shield 2014) လေ့ကျင့်ခန်းအား ပြုလုပ်နေစဉ် (ဓာတ်ပုံ-မြ၀တီ)
တပ်မတော် (ရေ) မှ ကိုကိုးကျွန်းအရှေ့ ရေပြင်တွင် Combined Fleet Exercise အစီအစဉ်ဖြင့် လေ့ ကျင့်ရေး ပြုလုပ်နေစဉ် (ဓာတ်ပုံ-မြ၀တီ)
Eleven Media Group

No comments:

Post a Comment