Tuesday, June 24, 2014

စာနယ်ဇင်းကောင်စီကို အသိအမှတ် မပြုရာရောက်၊ မီဒီယာ လွတ်လပ်ခွင့် ခြိမ်းခြောက်လာလျှင် တုံ့ပြန်မည်ဟုဆို

နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ပိုင်ဆိုင်ထားသည့် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ဖွဲ့စည်းပေး ထားသည့် မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို အသိပေးအကြောင်းကြားခြင်း မရှိဘဲ ပြည်ထဲရေး ၀န်ကြီးဌာန၏ အထူးသတင်းတပ်ဖွဲ့က သတင်းဌာနများကို ခေါ်ယူမေးမြန်းခြင်းသည် ကောင်စီကို အသိအမှတ်မပြုရာရောက်ပြီး မီဒီယာလွတ်လပ်ခွင့်ကို ထိပါးလာလျှင် ကောင်စီက ကြေညာချက်ထုတ် တုံ့ပြန်မည်ဟု ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားလိုက်သည်။
“စာနယ်ဇင်းကောင်စီကို နိုင်ငံတော်သမ္မတက ဖွဲ့ပေးခဲ့တာပါ။ ဒီလိုမျိုးခေါ်ယူ မေးမြန်းမယ် ဆိုရင် ကောင်စီ ကနေတစ်ဆင့် သွားရမှာပါ။

အခုက ပြည်ထဲရေးဝန်ကြီးဌာနက ကောင်စီကို အသိအမှတ်မပြုရာ ရောက်ပါတယ်။ သတင်းတပ်ဖွဲ့ရဲ့ လုပ်ရပ်က မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်တဲ့ နည်းနဲ့ ခြိမ်းခြောက်တဲ့ အပြုအမူမျိုးဖြစ်လာရင် ကြေညာ ချက် ထုတ်သွားမယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အထူးသတင်းတပ်ဖွဲ့က ဇွန်လ ၂၁ ရက်တွင် Myanmar Post နှင့် The Voice သတင်းဌာနတို့မှ တာဝန်ရှိသူများအားလည်းကောင်း၊ ဇွန်လ ၂၂ ရက်တွင် ယူနတီသတင်းဌာနတို့မှ တာဝန်ရှိသူများအား လည်းကောင်း၊ ခေါ်ယူ မေးမြန်းခဲ့ပြီး ဇွန်လ ၂၃ ရက် တွင် ပြည်သူ့ခေတ်သတင်းဌာနမှ တာဝန်ရှိသူများကို ခေါ်ယူစစ်ဆေးမေးမြန်းရန် အကြောင်းကြားခဲ့သည်ဟု အဆိုပါသတင်းဌာနအချို့မှ သိရသည်။

ထိုသို့ သတင်းဌာနများမှ တာဝန်ရှိသူများကို အထူးသတင်းတပ်ဖွဲ့မှ ခေါ်ယူ မေးမြန်းရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဟုလည်း ကောင်စီအတွင်းရေး မှူး ဦးကျော်မင်းဆွေထံမှ သိရသည်။

ခေါ်ယူမေးမြန်းခြင်းခံခဲ့ရသည့် သတင်းဌာနများကို အထူးသတင်းတပ်ဖွဲ့မှ သတင်းမီဒီယာများ၏ ၀င်ငွေ၊ ထွက်ငွေနှင့် ရပ်တည်ချက် သဘောထားများကို ခေါ်ယူမေးမြန်းခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၂၃ ရက် က ခေါ် ယူမေးမြန်းရန် အကြောင်းကြားခြင်းခံရသည့် ပြည်သူ့ခေတ်ဂျာနယ်မှ အကြံပေးအယ်ဒီတာ ဦးဖေမြင့်က အကြောင်းကြားထားသော်လည်း သွားရောက်တွေ့ဆုံရန် မဆုံးဖြတ်ရသေးဟု မဇ္ဈိမကို ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က “ပုံနှိပ်ထုတ်ဝေ အသင်းတွေက ဒါနဲ့ပတ်သက်ပြီး အစိုးရကို ပြောသင့်တယ်။ စာနယ်ဇင်းကောင်စီကိုလည်း သတင်းဌာနတွေကို စစ်ဆေးမေး မြန်းမယ် ဆိုလည်း အသိပေးရမယ်။ အသိပေးခဲ့ရင်လည်း ကောင်စီအနေနဲ့ ခွင့်ပြုပေးမှာ မဟုတ်ပါဘူး။ ကောင်စီကို အသိပေးပေး၊ မပေးပေး ဒီဖြစ်ရပ်ကတော့ မသင့်လျော်ဘူး”ဟုပြောသည်။ သတင်း မီဒီယာများ၏ စီးပွားရေးဆိုင်ရာကို မေးမြန်းမည်ဆိုပါက ပြည်တွင်းအခွန်များဦးစီးဌာနကသာ မေးသင့်သည်ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment