Tuesday, June 24, 2014

စစ်တပ်ပိုင်မြေတွင် ကန်ဒေါ်လာ ၃၇၅ သန်းတန်ဖိုးရှိ အိမ်ရာစီမံကိန်းများ ဆောက်လုပ်မည်

စစ်တပ်ပိုင် မြေနေရာဖြစ်သော ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ဦးထောင်ဘိုအ၀ိုင်းအနီးရှိ မြေနေရာကို ကန်ဒေါ်လာ ၃၇၅ သန်းခန့် ရင်းနှီးမြှုပ်နှံမှုဖြင့် Dagon City 1 နှင့် Dagon City 2 အမည်ရှိ ဟိုတယ်၊ လူနေအိမ်နှင့် ဈေးဝယ်စင်တာများပါဝင်သော အိမ်ရာစီမံကိန်းနှစ်ခု တည်ဆောက်သွားမည်ဟု Marga Landmark Development Limited နှင့် သုခရတနာ ဆောက်လုပ်ရေးကုမ္ပဏီတို့၏ အကြီးတန်းအရာရှိများက မဇ်္ဈိမကို ပြောသည်။
ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အဆိုပါ စစ်တပ်ပိုင်မြေနေရာကို နှစ် ၇၀ BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စာချုပ်ဖြင့်လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်ပြီးGlobal Syndicate Marga Group နှင့် ပြည်တွင်းမှ သုခရတနာဆောက်လုပ်ရေးကုမ္ပဏီတို့က အကျိုးတူပူးပေါင်းမှု ဖြင့် လုပ်ကိုင်သွားမည်ဟု ဇွန်လ ၂၃ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြု လုပ်သော Dagon City 1 အိမ်ရာစီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Marga Landmark Development Limited ၏ အကြီးတန်းအမှုဆောင် ဒါရိုက်တာMr Edgar Kwan Chi Ping,J.P က“ Dagon City 1 စီမံကိန်းကို ကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံသွားမှာပါ။ရင်းနှီးမြှုပ်နှံမှု အချိုးကတော့ သုခရတနာကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ Marga Landmark က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်မှု နဲ့လုပ်ကိုင်မှာဖြစ်ပါတယ် ” ဟု ပြောသည်။

Dagon City 2 စီမံကိန်းကိုမူ သုခရတနာဆောက်လုပ်ရေးကုမ္ပဏီကသာ ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ပိုင်ဆိုင် မည်ဖြစ်ပြီး ကန်ဒေါ်လာ ၇၅ သန်းရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု သုခရတနာဆောက်လုပ်ရေး ကုမ္ပဏီ၏ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက မဇ်္ဈိမကို ပြောသည်။
ဦးသောင်းထိုက်မင်းက “Dagon City 1 ကိုပဲ အကျိုးတူပူးပေါင်းတာပါ။ Dagon City 2 ကိုတော့ကျွန်တော် တို့ကပဲ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံသွားမှာပါ။ အဲဒီစီမံကိန်းကလည်း Dagon City 1 ဘေးကပ်လျက်နေ ရာမှာပဲ တည်ဆောက်သွားမှာပါ ” ဟုပြောသည် ။

အဆိုပါ စီမံကိန်းများနေရာသည် စစ်တပ်ပိုင်မြေနေရာဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ဖြင့် အစိုးရက ခွင့်ပြုခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အချက်အလက်များအတိုင်း ဆောင်ရွက်ခြင်း သာ ဖြစ်သည်ဟု Mr. Edgar Kwan Chi Ping,J.P က ပြောသည်။ စစ်တပ်ပိုင်မြေနေရာကို စီမံကိန်းဆောက် လုပ်ခွင့်ရရှိခဲ့ခြင်းကိုမူ အသေးစိတ်ဖြေရှင်းခြင်းမရှိခဲ့ပေ။

Dagon City 1 စီမံကိန်းသည် မြေအကျယ် ၂၂ ဒသမ ၀၃၂ ဧကရှိမည် ဖြစ်ကာ ကြယ်ငါးပွင့် အဆင့် ဟိုတယ်၊ အထပ်မြင့်လူနေအိမ်ရာ ရှစ်ခုနှင့် ဈေးဝယ်စင်တာများပါဝင်မည်ဖြစ်ပြီး ငါးနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုMr. Edgar Kwan Chi Ping,J.P က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment