Tuesday, July 8, 2014

ပညာရေးကောလိပ်များကို ပညာသင်နှစ် နှစ်နှစ်တိုးမြှင့်မည်

ပညာရေးကောလိပ်များတွင် ၂၀၁၅-၁၆ ပညာသင်နှစ်မှစ၍ ပညာသင်နှစ် နှစ်နှစ် တိုးမြှင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ဇူလိုင် ၇ ရက်တွင် ပြုလုပ်သော ပညာရေး မြှင့်တင်မှု နှီးနှောဖလှယ် ပွဲတွင် ပြောကြားလိုက်သည်။

“အခြေခံပညာကဏ္ဍမှာ အဓိကလိုအပ်နေတဲ့ ပညာတွေရဲ့အရည်အသွေးမြှင့်တင်ချင်လို့ ဖြစ်ပါတယ်။ ပညာရေးကောလိပ်တွေကို အခြေခံပညာကျောင်းတွေရဲ့ ကြေးမုံ အသွင် ဖြစ်စေလိုပါတယ်”ဟု ဒု-၀န်ကြီး ပြောသည်။


ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်များကို ပေါင်းစပ်၍ ဆရာအတတ်သင်ပညာဦးစီးဌာန ဖွဲ့စည်းပြီးနောက် အဆိုပါဦးစီးဌာနအောက်ရှိ ပညာရေးကောလိပ်များတွင် ပညာသင်နှစ် နှစ်နှစ်တိုးမြှင့်သွားမည်ဖြစ်သည်။ ပထမဦးစွာ ပညာရေးကောလိပ် များထဲမှ ကောလိပ်ခြောက်ခုကို တိုးမြှင့်သွားမည်ဖြစ်ပြီး ကျန်ကောလိပ်များကို ဒီဂရီကောလိပ်များအဖြစ် မြှင့်တင်မည်ဖြစ်သည်။

ဖွဲ့စည်းသွားမည့် ဆရာအတတ်သင် ပညာဦးစီးဌာနမှစီမံခန့်ခွဲရေး၊ လေ့ကျင့်သင်ကြားရေး၊ စီမံကိန်းနှင့် သုတေသန လုပ်ငန်း စသည်တို့တွင် ဆက်သွယ်ဆောင်ရွက်ရမည်ဟုလည်း ဒု- ၀န်ကြီးက ဆိုသည်။

ပညာရေးကောလိပ်များတွင် နှစ်နှစ်တိုးမြှင့်သင်ကြားမည့် သင်ရိုးညွှန်းတမ်းများတွင် ပညာရေးဘာသာရပ်များအဖြစ် ပညာရေးသဘောတရား၊ ပညာရေး စိတ်ပညာ၊ သင်ကြားပြသနည်း စသည့်ဘာသာရပ်များတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ ပထ၀ီ၊ လူမှုရေးဘာသာရပ်များ၊ စာပေဘာသာရပ်များ၊ ဖွံ့ဖြိုးရေးဘာသာရပ်များအပြင် ကာယပညာ၊ ပန်းချီ၊ ဂီတ၊ စိုက်ပျိုး ရေး၊ စက်မှု၊ လက်မှုနှင့် အိမ်တွင်းမှုဘာသာရပ်များကို သင်ကြားပေးနိုင်ရန် သက်ဆိုင်ရာကဏ္ဍာအလိုက် ပညာရှင်များနှင့် ပူးပေါင်း၍ ရေးဆွဲနေပြီဖြစ်သည်။

အခြေခံပညာအဆင့်မြှင့်တင်ရာတွင် ဆရာ၊ဆရာများ၏ အရည်အသွေးစံနှုန်း မြင့်မားစေရန် ပညာရေးကောလိပ်များမှ ပညာသင်နှစ်များကို နှစ်နှစ်ထပ်မံတိုးမြှင့် ခြင်းဖြစ်သည်။
တိုးမြှင့်သည့် ပညာသင်နှစ် တတိယနှစ်တွင် ဒီဇင်ဘာမှ မတ်လအထိလည်းကောင်း၊ သြဂုတ်လမှ နိုဝင်ဘာလအထိ လည်းကောင်း ပညာသင်နှစ် တစ်နှစ် တိုးမြှင့်ထားပြီး ဧပြီလနှင့် မေလကို Vacation (လေ့လာရေး ခရီးစဉ်အားလပ်ရက်) ကာလအဖြစ်သတ်မှတ်ပြီး ဇွန်လမှ ဇူလိုင်လအထိ လက်တွေ့တန်းပြလေ့ကျင့်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ ထို့ပြင် အဆိုပါပညာသင်နှစ်များအတွင်း ပညာရေးကောလိပ်အလိုက် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များကို ဖွဲ့စည်း၍ ဆောင်ရွက်မှုများလည်း ပါဝင်မည်ဖြစ်သည်။

Mizzima

No comments:

Post a Comment