Friday, July 18, 2014

မိခင်နှင့် တရားခွင်ရင်ဆိုင်ရာ ရှုံးနိမ့်သွားပြီးနောက် သားဖြစ်သူ အဆိပ်သောက်

နေအိမ်ပိုင်ဆိုင်မှုအတွက် မိခင်ဖြစ်သူနှင့် သားဖြစ်သူ တရားခွင်တွင် တရားရင်ဆိုင်ရာ ရှုံးနိမ့်သွားသဖြင့် သားဖြစ်သူက အဆိပ်သောက်၍ မိမိကိုယ်ကို သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူအဆိပ်သောက်တာကတော့ ၁၁ နာရီ ၄၅ လောက်မှာ သောက်တာ။ ၁၂ နာရီခွဲမှာ ဆုံးသွားတယ်။ သေတဲ့သူက အခုနေနေတဲ့အိမ်ကို သူ့အမေနဲ့ သူပိုင်တယ်၊ ငါပိုင်တယ်နဲ့ တရားရုံးမှာ တရား ရင်ဆိုင်နေ တာ ရှုံးသွားလို့ စိတ်ညစ်ပြီး သောက်လိုက်တာ” ဟု ၎င်းက ပြောသည်။

သေဆုံးသူမှာ တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်အတွင်း နေအိမ်တစ်လုံးတည်းတွင် မိခင်ဖြစ်သူနှင့် ဘေးချင်းကပ် နေထိုင်နေသူဖြစ်ပြီး တရားခွင်အတွင်း ရှုံးနိမ့်သဖြင့် ပြောင်းရွှေ့ပေးရမည်ကို စိတ်ညစ်ကာ ပေါ်တက်ဆေး သောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ယူဆထားသည်။

“သေတဲ့သူက မိသားစုနှစ်စုကွဲနေတဲ့ ပုံစံမျိုး ဖြစ်နေတာ။ နေတာကတော့ တစ်ခြံတည်းပဲ နံရံလေးပဲ ခြား တာ။ ရပ်ကွက်ထဲမှာတော့ သတင်းတွေအမျိုးမျိုး ထွက်နေတာပဲ။ တရားရှုံးသွားတော့ အိမ်ပေါ်ကဆင်းပေးရ မှာမို့လို့ အဆိပ်သောက်လိုက်တယ်လို့လဲ သတင်းတွေ ထွက်နေတယ်”ဟု အဆိုပါ ရပ်ကွက်အတွင်းနေထိုင် သူတစ်ဦးက ပြောသည်။

သေဆုံးသူ ဦးသိန်းဝင်း(၄၆)နှစ်ကို စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိသဖြင့် အလောင်းကို တောင်ဥက္ကလာပ ဆေးရုံသို့ပို့အပ်ရာ ပီအာရ်-၃၆ ဖြင့် လက်ခံထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၅/၂၀၁၄) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

Mizzima

No comments:

Post a Comment