Thursday, July 24, 2014

တက္ကသိုလ်ဝင်တန်း အောင်ပြီးသူများအတွက် လျှပ်စစ်ဒီပလိုမာ သင်တန်းဖွင့်မည်

ဂျပန်နိုင်ငံအခြေစိုက် ဆူမီတိုမို ကော်ပိုရေးရှင်းနှင့် ကင်းဒန်းကော်ပိုရေးရှင်း (Kinden Corporation) အထောက်အပံ့ဖြင့် မြန်မာ A.G.T.I အဖွဲ့အစည်းက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်သော လျှပ်စစ်ဒီပလိုမာ သင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ဖွင့် လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းထံမှ သိရသည်။

ရန်ကုန်မြို့တော် အင်းစိန် GTI သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ရှစ်လ ကြာမြင့်မည် ဖြစ်ကြောင်း၊ Building Commercial Wirerane Course နှင့် Electrical Distribution Course အထူးပြုဘာသာရပ် နှစ်ခု ခွဲထားကြောင်း ယင်းသင်တန်းကျောင်းက ထုတ်ပြန်ထားသည်။

“ရန်ပုံငွေ အတွက်ရယ်၊ သင်ကြားမှုအတွက် လိုအပ်တဲ့ ပစ္စည်းတွေရယ်၊ ဆရာတွေ တော်တော်များများကို ဂျပန်ဘက်က ကူညီတာပါ။ အဓိကက မြန်မာ့လျှပ်စစ်ကဏ္ဍ တိုးတက်လာဖို့ အတွက်ပါ” ဟု AGTI ကျောင်းသားဟောင်းများ အသင်း ကျောင်းအုပ် ဦးနေဝင်းက ပြောကြားသည်။

ဂျပန်နိုင်ငံမှ လျှပ်စစ်ပညာရှင် လေးဦးနှင့် မြန်မာနိုင်ငံသား လျှပ်စစ်ပညာရှင် တစ်ဦးတို့က ပူးပေါင်း သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းကြေး ကျပ် ၁၆ သိန်း ကုန်ကျကြောင်း၊ သင်တန်းကြေးကို ကျပ် ၈ သိန်းစီ ခွဲသွင်းနိုင်ကြောင်း သင်တန်း တာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံမှာက အိမ်သုံးကိုတော့ လုပ်တတ်တယ်။ ဒါပေမဲ့ အဆောက်အအုံ အကြီးပိုင်းတွေ လုပ်တာကျတော့ အားနည်းမှုတွေ ရှိနေတယ်။ အဲ့ဒီအပိုင်းကို ဒီသင်တန်းမှာ အဓိက သင်ကြားပေးသွားမှာပါ” ဟု ဦးနေဝင်းက ပြောဆိုသည်။

ပထမအကြိမ် သင်တန်းတွင် သင်တန်းသား ၂၀ ဦး လက်ခံသင်ကြားရန် စီစဉ်ထားကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment