Monday, September 8, 2014

တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့မှု လုပ်သား ၁၇ ဦးကို နှစ်ရှည် ထောင်ဒဏ်များချ

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် အမ်းမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်း မီးရှို့ခံရမှုနှင့် မြန်မာနိုင်ငံသား အလုပ်သမားသုံးဦးကို ထောင် ၁၀ နှစ်၊ ၁၄ ဦးကို ခြောက်နှစ်စီ ချမှတ်လိုက်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဆိုပါ မီးရှို့မှု ဖြစ်ပွားပြီး ရှစ်လခန့်အကြာ စက်တင်ဘာလ ၅ ရက်နေ့တွင် အမ်းမြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမားများကို မီးရှို့မှု၊ ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှု စသည့် ပုဒ်မများဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောဆိုသည်။

၁၀ နှစ် ပြစ်ဒဏ်ကျသူ သုံးဦးမှာ မီးရှို့မှုတွင် အဓိက ပြစ်မှုကျူးလွန်ခဲ့သူများ ဖြစ်ပြီး ကျန် ၁၄ ဦးမှာ အားပေး ကူညီခဲ့သဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ် တောက်စောက်ကျေးရွာရှိ ရေနံပိုက်လိုင်း တည်ဆောက်ရေးစခန်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က တရုတ်လုပ်သားက မြန်မာလုပ်သားကို ရေဖြင့် ပက်ရာမှ အချင်းများမှုများ ဖြစ်ပွားခဲ့ပြီး ပိုက်လိုင်းလုပ်သားများ နေထိုင်သည့် အဆောင်ကို မြန်မာလုပ်သားအချို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

အဆိုပါ ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းတွင် တရုတ်လုပ်သား ၇၉ ဦး ရှိပြီး မြန်မာ ၁၅၀ ဝန်းကျင် ရှိကြောင်း အဆိုပါ ပိုက်လိုင်းကို အကောင်အထည် ဖော်နေသည့် SEAOP (South East Asia oil Pipeline) ထံမှ သိရှိရသည်။

ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းကို SEAOP က အိန္ဒိယ ကုမ္ပဏီတစ်ခု ဖြစ်သည့် PunJLoyd ကုမ္ပဏီကို တည်ဆောက်ခွင့် ပေးထားပြီး အဆိုပါ အိန္ဒိယကုမ္ပဏီက YunNan Construction လုပ်ကိုင်ခွင့် ပေးထား ခဲ့စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း SEAOP မှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment