Tuesday, September 9, 2014

ပါတီခေါင်းဆောင်များ အားလုံးပါဝင်၍ နိုင်ငံရေး မူဘောင်တစ်ရပ် ရေးဆွဲရန် စီစဉ်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှုများ အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ မူဘောင်အသီးသီး ရေးဆွဲလျက်ရှိရာ တိုင်းရင်းသားပါတီ အချို့ကလည်း နိုင်ငံရေးပါတီ အားလုံး၏ ဆန္ဒသဘောထား ပါဝင်သည့် နိုင်ငံရေး မူဘောင်တစ်ရပ် ကြိုတင်ရေးဆွဲ ချမှတ်ရန် စီစဉ်လျက်ရှိကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

စက်တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တိုင် ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ချမှတ်ရေး နိုင်ငံရေးပါတီ ၆၇ ပါတီ အလွတ်သဘော ဆွေးနွေးပွဲတွင် အဆိုပါကိစ္စရပ်ကို ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအလွတ်သဘော ဆွေးနွေးပွဲတွင် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA က သီးခြားရေးဆွဲထားသော နိုင်ငံရေး မူဘောင်များအတိုင်း ဆွေးနွေးမည် မဟုတ်ဘဲ ပါတီခေါင်းဆောင်များ အားလုံး၏ သဘောဆန္ဒများအရ မူဘောင်တစ်ရပ် ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အခုက ရေးဆွဲထားတဲ့ မူဘောင်တွေ အပေါ်မှာ ပါတီခေါင်းဆောင်တွေက ထည့်ချင်တာတွေ ပယ်ဖျက်ချင်တာတွေကို ဆွေးနွေးလို့ရတယ်၊ ဆွဲပြီးသား မူဘောင်တွေ အပေါ်မှာ ပြင်ဆင်တာတွေကို ထည့်သွင်းပြီး အားလုံး သဘောတူတဲ့ မူဘောင်တစ်ရပ် ထွက်ပေါ်လာဖို့ကို ဦးတည်ပါတယ်၊ ကိုယ့်ပါတီအတွက် မဟုတ်ပါဘူး။ နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက်ပါ အားလုံး ပါဝင်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ အပါအဝင် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေပါတီ အားလုံးကို ဖိတ်ကြားထားပြီး ဆွေးနွေးပွဲ မတက်ရောက်ဟု အကြောင်းပြန်ထားသည့် ပါတီ မရှိသေးကြောင်း ဦးစောသန်းမြင့်က ဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဘုံသဘောထား ရယူနိုင်ရေးအတွက် နိုင်ငံရေးပါတီ ၂၀ ကျော် တွေ့ဆုံပွဲတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့က UNFC ညီလာခံသို့ သွားရောက်နေသောကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း တရားဝင်စာပို့ အကြောင်းကြားခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အစိုးရမှ တစ်ဖက်သတ် ပြုလုပ်နေသောကြောင့် မအောင်မြင်နိုင်သည့် အပြင် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် အစိုးရ၏ နိုင်ငံရေးကစားကွက် တစ်ခုသာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) နှင့် တိုင်းရင်းသားပါတီ ၁၁ ပါတီက စက်တင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ရေးကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ သြဂုတ်လ အတွင်း တွေ့ဆုံထားပြီး စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံရန် မူအားဖြင့် သဘော တူညီထားကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီထားသည်။

The Voice Weekly

No comments:

Post a Comment