Sunday, September 14, 2014

မြန်မာ - အယ်လ်ကေဒါ၏ နောက်ထပ်ပစ်မှတ်သစ်

ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည့် အိုစမာဘာလာဒင် တည်ထောင်ခဲ့သည့် အကြမ်းဖက် စစ်သွေးကြွအဖွဲ့ အယ်လ်ကေဒါ၏ နောက်ထပ် ပစ်မှတ်သစ်မှာ မြန်မာဖြစ်လာသည်။ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများ အချိန်မရွေး ပြန်လည် ထကြွလာနိုင်သည့် အခြေအနေမျိုးတွင် ရှိနေဆဲ ဖြစ်သည့် မြန်မာနိုင်ငံအတွက် နောက်ထပ်စိန်ခေါ်မှု တစ်ရပ် ထပ်တိုးလာပြီ။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကို ပစ်မှတ်ထားရန် အိန္ဒိယတွင် အယ်လ်ကေဒါ အဖွဲ့ခွဲတစ်ရပ် ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု အယ်လ်ကေဒါ လက်ရှိခေါင်းဆောင် Ayman al-Zawahiri က စက်တင်ဘာလ ၃ ရက်နေ့က ပြုလုပ်သည့် စစ်သွေးကြွ လှုပ်ရှားသူများ အွန်လိုင်းဖိုရမ်တွင် ပြောဆိုလိုက်သည်။ အယ်လ်ကေဒါ တရားဝင် မကြေညာခင်ကလည်း အစွမ်းရောက် ပြည်ပအဖွဲ့အစည်း အချို့က မြန်မာနိုင်ငံတွင် ဂျီဟတ်ခေါ်သည့် ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဟု သတိပေးဖူးသည်။
ခြေလှမ်း စပြီလား

အယ်လ်ကေဒါ အကြမ်းဖက်မည်ဟု ကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၄ ရက်နေ့တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက အစိုးရ ဌာနဆိုင်ရာများကို လုံခြုံရေး သတိပေးစာ တစ်စောင် ပေးပို့လိုက်သည်။
ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားနေသည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အမည်ရ ဘင်္ဂါလီအဖွဲ့သည် အယ်လ်ကေဒါနှင့် ပူးပေါင်းကာ အရေးကြီး အဆောက်အအုံများကို ဒေသခံ ဘင်္ဂါလီများ ဟန်ဆောင်ကာ ဗုံးခွဲဖျက်ဆီးရန်၊ လတ်တလော အကြမ်းဖက်မှုများ လုပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများကို ဖမ်းဆီးမည်ဟု သတင်းရရှိထားသည်ဟု ဆိုကာ ယင်းသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။
ဌာနဆိုင်ရာများ အနေနှင့် လုံခြုံရေး အစီအမံများ ရေးဆွဲထားရန်၊ လုံခြုံရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။ အယ်လ်ကေဒါ၏ ထုတ်ပြန်ချက် အပြီး RSO သတင်း ထွက်လာခြင်းက အယ်လ်ကေဒါနှင့် RSO ဆက်စပ်မှု ရှိသည်ဟု ဆိုနိုင်မည်လား။
အယ်လ်ကေဒါက မြန်မာနိုင်ငံကို အကြမ်းဖက်မည်ဟု ပြောဆိုပြီး လေးရက်ခန့်အကြာတွင် RSO လှုပ်ရှားမှုတစ်ရပ် လောလောလတ်လတ် အွန်လိုင်းစာမျက်နှာပေါ် ရောက်လာသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် တပ်မတော် ထူထောင်ခွင့်ပြုရန် KIO အဖွဲ့က ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ မတ်လအတွင်းက တွေ့ဆုံစဉ် တောင်းဆိုထားသည် ဗီဒီယိုဖိုင် ဖြစ်သည်။
RSO ဟု ယူဆရသူများ တိုက်ခိုက်မှုကြောင့် နယ်စပ်ခြံစည်းရိုး ကာရံနေသည့် တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့ (GE) မှ တပ်ဖွဲ့ဝင်သုံးဦး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံရပြီး ပျောက်ဆုံး ခဲ့ကာ ယခုနှစ် မေလကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဖူးသည်။
လုံခြုံရေး အစီအမံ

အယ်လ်ကေဒါ အကြမ်းဖက်မည်ဟု မကြေညာမီကပင် အရေးကြီး အဆောက်အအုံများတွင် လုံခြုံရေး အစီအမံများ လုပ်ဆောင်ထားပြီ ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေသန်းက ပြောကြားသည်။ “အုပ်ချုပ်ရေးမှူး ရုံးတို့၊ EPC ရုံးတို့ကို လုံခြုံရေး ယူထားပါတယ်။ ရုံးတိုင်း လုံခြုံရေးယူဖို့က မလွယ်ဘူး။ လှည့်ကင်း လှည့်ပေးနေတယ်” ဟု ၎င်းကဆိုသည်။
မောင်တောမြို့တွင် လုံခြုံရေး အင်အားများပါ တိုးမြှင့်ထားပြီး ကျောင်းဆရာ၊ ဆရာမများ အတွက်ကိုလည်း လိုက်လံ စောင့်ရှောက်ပေးမှုများ လုပ်ဆောင်ကာ နယ်စပ်နေရာများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က တာဝန်ယူထားကြောင်း ဒုတိယရဲမှူးကြီး ရွှေသန်းက ဆိုသည်။
“RSO ရော၊ အယ်လ်ကေဒါရော လှုပ်ရှားမှုတွေကတော့ မရှိသေးပါဘူး” ဟုလည်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ် ဖြစ်လာနိုင်သဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် နိုင်ငံတော်အတွက် လိုအပ်သည့် ပြင်ဆင်မှုများကို တပ်မတော် အပါအဝင် လုံခြုံရေးအဖွဲ့များ လုပ်ဆောင်ထားပြီး လက်ရှိတွင်လည်း လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုထားသည်။
“အယ်လ်ကေဒါ ကွန်ရက် ပျံနှံ့ စီးဆင်း လည်ပတ်မှုတွေကို လေ့လာပြီး ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အကြမ်းဖက် အန္တရာယ်ကို ကာကွယ်ရန် အမျိုးသားလုံခြုံရေး (National Security) နှင့် မပြည့်စုံသဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုထားသည်။
အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ဖလှယ်ရေး ကြိုတင်အသိပေးစနစ် (Early Warning System) ထူထောင်ရာတွင် မြန်မာနိုင်ငံလည်း ပါဝင်ထားသည်။
ပစ်မှတ်

မြန်မာနိုင်ငံတွင် ဘာသာရေး အသွင်ဆောင်သည့် အကြမ်းဖက်မှုများ ၂၀၁၂ ခုနှစ်မှစ၍ တစ်ကျော့ပြန် အဖြစ် ရုန်းထလာသည်။ ယင်းနောက် မြန်မာနိုင်ငံကို အကြမ်းဖက် အစွန်းရောက်အဖွဲ့များ မျက်စိကျလာသည်။
မြန်မာနိုင်ငံတွင် ရခိုင်၊ မိတ္ထီလာ ဒေသများ အပါအဝင် ပဋိပက္ခများတွင် မွတ်ဆလင်တို့ ဖိနှိပ်ခံနေရသည်ဟု ဆိုသည့် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံသည် အစွန်းရောက်အဖွဲ့များ၏ ပစ်မှတ်ဖြစ်လာကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲဆိုင်ရာ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။
“ဗမာပြည်မှာ မွတ်ဆလင်တွေကို ဖိနှိပ်တယ် ဆိုတာမျိုး အကြမ်းဖက် အဖွဲ့တွေမှာ သွေးထိုး လှုံ့ဆော်နေတာတော့ အခုမှ မဟုတ်ပါဘူး၊ ကြာပါပြီ” ဟု ၎င်းကဆိုသည်။
မြန်မာ အပါအဝင် အာရှပစိဖိတ်ဒေသ နိုင်ငံများတွင် အယ်လ်ကေဒါနှင့် ဆက်သွယ်သည့် အဖွဲ့အစည်းများ ရှိသော်လည်း အကြမ်းဖက်မှုများ ပြုလုပ်သည်အထိ အားကောင်းသည့် အခြေအနေတွင် မရှိကြောင်း၊ အကြမ်းဖက်မှုများကို သက်ဆိုင်ရာနိုင်ငံရှိ အဖွဲ့အစည်းများက လုပ်ဆောင်လေ့ ရှိကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောဆိုသည်။
“အယ်လ်ကေဒါက အရင်ကတည်းက အာရှပစိဖိတ်မှာ စိတ်ဝင်စားမှု ရှိနေတယ်။ ဗမာပြည်မှာ မွတ်ဆလင် ဗုဒ္ဓဘာသာ ကိစ္စတွေ ဖြစ်လာပြီးတဲ့အခါ ပိုပြီး စိတ်ဝင်စားလာတယ်” ဟု ၎င်းကဆိုသည်။
အစွန်းမရောက်ရေး

အစွမ်းရောက် အဖွဲ့အစည်းများ၏ အန္တရာယ်ကို ကာကွယ်မှု အရေးကြီးသည့်နည်းတူ ပြည်တွင်းနေသူများ အစွန်းရောက်များနှင့် မပူးပေါင်းရန်လည်း အထူးအရေးကြီးပေသည်။
မြန်မာနိုင်ငံတွင် သဘောထား ပျော့ပျောင်းပြီး မြန်မာနိုင်ငံသားဟု ခံယူထားသည့် ပြည်တွင်းနေ မွတ်ဆလင်များကို ၎င်းတို့၏ အခွင့်အရေးကို မချုပ်ချယ်ဘဲ တန်းတူအခွင့်အရေး ပေးရန် လိုအပ်ကြောင်း ဒေါက်တာမင်းဇော်ဦးက အကြံပြုသည်။
“ခွဲခြားဆက်ဆံတယ်၊ ဖိနှိပ်တယ်လို့ အများက မြင်နေရင် အကြမ်းဖက်တွေနဲ့ နီးစပ်မယ့် အလားအလာ ပိုများတယ်။ အဲဒါကြောင့် အကြမ်းဖက်သူတွေနဲ့ မနီးစပ်အောင်ဆိုရင် အစိုးရအနေနဲ့ ခွဲခြားမှု မရှိဘူးဆိုတဲ့ မူဝါဒတွေအပေါ်မှာ ပိုပြီး ရပ်ဖို့လိုတယ်” ဟု ၎င်းက ရှင်းပြသည်။
Ayman al-Zawahiri ပြောဆိုမှုကြောင့် ပြည်တွင်းတွင် မယုံကြည်မှု၊ သံသယများ ကြီးမားစေမှု၊ ပဋိပက္ခဖြစ်အောင် လှုံဆော်မှုများ ဖြစ်လာနိုင်သဖြင့် ဘာသာရေး ခေါင်းဆောင်များ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆို ထားသည်။
အစွန်းရောက်များ ဖြစ်အောင် စည်းရုံးမှုများကိုလည်း တားဆီးပေးရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
ယင်းအချိန်တွင် ပြည်တွင်းနေ မွတ်ဆလင် အသိုင်းအဝိုင်းကလည်း ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက် သည်။
အယ်လ်ကေဒါက မြန်မာနိုင်ငံကို အကြမ်းဖက်မည့် ပြောဆိုချက်ကို လုံးဝကန့်ကွက်ကြောင်း အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌ ဦးညွှန့်မောင်သျှိန်က ပြောကြားသည်။
“အယ်လ်ကိုင်ဒါဆိုတာ အစ္စလာမ် သဘောတရားနဲ့ ဆန့်ကျင်နေတဲ့ အစွန်းရောက်သူတွေ ဖြစ်ပါတယ်။ အစ္စလာမ်က လက်မခံပါဘူး။ အထူးသဖြင့် မြန်မာအစ္စလာမ်တွေက လက်မခံပါဘူး” ဟု ၎င်းက ယတိပြတ် ပြောဆိုသည်။
အယ်လ်ကေဒါ မည်သည့်နည်းနှင့် အကြမ်းဖက်မည်ကိုကား မသိနိုင်သေး။ သို့သော်လည်း RSO နှင့် အယ်လ်ကေဒါ ပူးပေါင်း အကြမ်းဖက်မည် ဆိုသည့် သတင်းကြောင့် သတိထားရမည့် အခြေအနေ ရောက်လာလေပြီ။ မောင်တောတွင် သတိပေးချက်များ ထုတ်ပြန်နေရပြီ။

အောင်မြင့်ထွန်း
The Voice Weekly

No comments:

Post a Comment