Thursday, September 18, 2014

မာစတာစပေါ့ စက်ရုံလုပ်သားများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရ

 Workers 
ရန်ကုန် (မဇ္ဈိမ)။ ။ လှိုင်သာယာမြို့နယ်ရှိ မာစတာစပေါ့ ဖိနပ်စက်ရုံမှ အလုပ်သမားများအတွက် အလုပ်ပိတ်နစ်နာကြေးကို စက်တင်ဘာ ၁၆ ရက်တွင် ရှင်းပေးရန် ခုံသမာဓိက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အလုပ်သမားများက ထိုနေ့တွင် စက်ရုံအတွင်း စောင့်ဆိုင်းခဲ့ရာမှ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စက်ရုံအတွင်း မြို့နယ်ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ် သြဂုတ် ၂၀ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ အလုပ်သိမ်း၍ အိမ်ပြန်စဉ်။  ၂၀၁၄။ ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားများအတွက် အလုပ်ပိတ်နစ်နာကြေးကို တစ်လအတွင်း ဖြေ ရှင်းပေးရန် ခုံသမာဓိရုံးက အမိန့်ချထားရာ စက်တင်ဘာ ၁၆ ရက်က တစ်လပြည့်သည့် နေ့လည်းဖြစ်သည်။ ယင်းအပြင် စက်ရုံက ဖြေရှင်းမပေးပါက စက်ရုံအတွင်းရှိ ပစ္စည်းများကို လေလံတင် ရောင်း ချကာ ဖြေရှင်းပေးမည်ဟု အလုပ်သမားဝန်ကြီးဌာနက ဆိုထားသည်။
"ကျွန်မတို့်မှာ အဲဒီနေ့ကိုမျှော်လင့်ခဲ့တယ်။ ဘယ်လူကြီးမှ လာမဖြေရှင်းပေးဘူး။ အဲဒါကြောင့် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးကို သွားပြောတယ်။ ရုံးပေါ်ကလူကြီးတွေက လူကြီးတွေမရှိဘူးလို့ဖြေခဲ့တယ်။ အဲဒါကြောင့် စက်ရုံကိုပြန်လာပြီး အတွင်းကို ကျွန်မတို့ ဝင်ထိုင်နေခဲ့တယ်" ဟု စက်ရုံအလုပ်သမား မကေခိုင်လင်းက မဇ္ဈိမကို ပြောသည်။
စက်ရုံအတွင်းသို့ အလုပ်သမားများ ဝင်ရောက်နေထိုင်ခြင်းကို အလုပ်သမားခေါင်းဆောင် ထွန်းထွန်းနိုင်က အလုပ်သမားညွှန်းကြားရေးမှူး ဦးဝင်းရှိန်အား ဖုန်းဆက်အကြောင်းကြားခဲ့သည်ဟုဆိုသည်။ ဦးဝင်းရှိန်နှင့်အတူ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ စက်ရုံသို့ နေ့လည် ၃နာရီခန့်တွင် ရောက်လာပြီး နစ်နာကြေးအတွက် အလုပ်သမားဥပဒေ လုပ်ထုံးလုပ်နည်းနှင် အညီ ဆောင်ရွက်ရမည်ဖြစ်၍ လအနည်းငယ်စောင့်ရန် အလုပ်သမားများနှင့် ညှိနှိုင်းရာ ပြေလည်မှု မရ၍ အလုပ်သမားများက အလုပ်သမားရုံးမှ တာဝန်ရှိသူများအား ပြန်မလွှတ်ရာမှ ည ၁၀နာရီ ၄၅မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ်မှ ရဲမှူးအပါအဝင် ရဲဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၃၀၀ခန့် ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
"ကျွန်မတို့က ညွှန်မှူးကို ကျွန်မတို့ကို တိကျတဲ့အဖြေပေးပါ။ ထပ်ပြီး နောက်နှစ်လလောက်ကို မစောင့်နိုင်တော့ဘူး။ စောင့်ရမယ့်ရက်ကို တိုးပေးပါလို့ ညှိနေတာပါ။သူ့ကိုချုပ်လည်းမထားပါဘူး" မကေခိုင်လင်းက ပြောသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးရုံး၊ ဒုတိယကွပ်ကဲရေးမှုး ရဲမှူးကြီးချစ်ဦးက ပထမအဆင့် ညှိနှိုင်းမှုလုပ်ခြင်း၊ ဒုတိယအဆင့် သတိပေးခြင်းလုပ်ပြီးမှ နောက်ဆုံးအဆင့် လူစုခွဲထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က "ဝန်ထမ်းတစ်ဦးက တာဝန်အရ ထမ်းဆောင်တာကို ဓားစာခံလုပ်တာ အပြစ်ကြီးပါတယ်။ ရာဇ၀တ်မှု အရ အပြစ်ကြီးပါတယ်။ နောက်တစ်ခုက ညနေစောင်းတော့ လူအင်းအားကများလာတော့ လူတစ်ဦး တစ်ယောက်ရဲ့ အသက်အန္တရာယ် စိုးရိမ်းရလာနိုင်တဲ့ လိုလားအပ်တဲ့ ပြသာနတွေ ဖြစ် လာနိုင်တယ်။"ဟု သုံးသပ်သည်။
မာစတာစပေါ့ ဖိနပ်စက်ရုံ ပိတ်သိမ်းကာ အလုပ်ရှင်က နစ်နာကြေးမပေးဘဲ တိမ်းရှောင်နေ၍ စက်ရုံအား ချိတ်ပိတ်ကာ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ကော်မတီအပါအဝင် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မင်း၊ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ဦးအောင်ဝင်း၊လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့၊ အလုပ်သမား ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ အလုပ်ရှင်ကိုယ်စားလှယ် မစ်စတာဂျောင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ စက်မှုဇုန် စီမံခန်းခွဲရေးကော်မတီ၊ မြို့နယ်ဖိနပ်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၊ အလုပ်ရှင် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ဦးစီးမှူး ဦးမျိုးကျော်ဦးပစ္စည်းထိန်းကော်မတီကို စက်တင်ဘာ ၁ရက်က ဖွဲ့စည်းထားသည်။
ယင်းကော်မတီအနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း အခွန်ပုံစံ (၉) ဖြင့် စက်တင်ဘာ ၂၄ ရက်တွင် စက်ရုံအား ဝရမ်းကပ်၍ အောက်တိုဘာ ၉ ရက်တွင် ပစ္စည်းများကို လေလံတင် ရောင်းချသွားကာ နစ်နာကြေးဖြေရှင်းပေးမည်ဟု အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က စက်တင်ဘာ ၁၇ ရက်တွင် မီဒီယာများကို ပြောသည်။
ယင်းစက်ရုံရှိ အလုပ်သမား ၇၅၇ ဦးတွင် ၅၈ ဦးအား လုပ်ခလစာကိုစက်ရုံမှ ပေးထားပြီးဖြစ်၍ ကျန်ရှိသည့် ၆၉၉ ဦးအတွက် လစာအပါအဝင် နစ်နာကြေး ကျပ်သိန်း နှစ်ထောင့်တစ်ရာ လေးဆယ့် တစ်သိန်း ခြောက်သောင်းခုနှစ်ထောင်ကို ခွဲဝေပေးရမည်ဟု ဦးဝင်းရှိန်က ပြောသည်။
Master Sport ဖိနပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈၀၀ ခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့် နေ့မှ စတင်ကာ နံနက် ၇ နာရီမှ ညနေ  ၄ နာရီအထိ စက်ရုံရှေ့တွင် သြဂုတ်လ ၁၈ ရက်ထိတိုင် ဆန္ဒပြတောင်းဆိုခဲ့သည်။ ယင်းအပြင် သြဂုတ် ၁၈ ရက်တွင် အလုပ်သမားများက စက်ရုံရှေမှ တက္ကသိုလ်ရိပ်သာလမ်းရှိ ကိုရီးယားသံရုံးရှေ့သို့ လမ်းလျောက်ကာ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့သေးသည်။

Mizzima

No comments:

Post a Comment