Monday, October 13, 2014

ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များ အောက်တိုဘာလ ၁၅ ရက်နေ့၌ ရောင်းချမည်


မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာက ဆင်းမ်ကတ်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ရောင်းချမည် ဖြစ်ကြောင်း တယ်လီနော ဆင်းမ်ကတ်များ ရောင်းချမည့် အရောင်းဆိုင်များထံမှ သိရသည်။
“တယ်လီနောဆင်းမ်ကတ် ဝယ်ဖို့ ကြိုပြီး လျှောက်စရာ မလိုပါဘူး။ တယ်လီနော ဆင်းမ်ကတ်တွေ လိုင်းဖွင့်ပေးတဲ့ မာစတာ ဆင်းမ်ကတ်ကရပြီ။ ဆင်းမ်ကတ်တွေကို ၁၅ ရက်နေ့မှာ ရောင်းချမှာပါ” ဟု တယ်လီနော ဆင်းမ်ကတ်များ ရောင်းချရန် ကိုယ်စားလှယ် ယူထားသော အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် တယ်လီနော ဆင်းမ်ကတ်များကို ရောင်းချရန် အရောင်းကိုယ်စားလှယ် ဆိုင်များကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ချထားပေးမည်ဟု တယ်လီနောမှ ပြောကြားထားသည်ဟု လူကြီးမင်း မိုဘိုင်းလ်ဆိုင်မှ အထွေထွေမန်နေဂျာ ဒေါ်ဇာခြည်က ပြောကြားသည်။

“သူတို့က ၁၅ ရက်နေ့လောက် ချပေးမယ်လို့ ပြောထားတယ်” ဟု ၎င်းကဆိုသည်။
တယ်လီနော ဆင်းမ်ကတ်များအတွက် လိုင်းဖွင့်ပေးရန် မာစတာ ဆင်းမ်ကတ်ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် တယ်လီနောမှ ချပေးထားပြီး ဆင်းမ်ကတ်များ ရောင်းချမည့်ရက်ကို အတိအကျ မသိရှိသေးကြောင်း Mr Phone မှ ဒေါ်နှင်းဝေလွင်က ပြောဆိုသည်။
မန္တလေးမြို့တွင် တယ်လီနော ဆင်းမ်ကတ်များ မရောင်းချမီ တစ်ပတ်ခန့် အလိုတွင် ဆင်းမ်ကတ်များ လိုင်းဖွင့်ရန် မာစတာ ဆင်းမ်ကတ်များကို တယ်လီနောမြန်မာမှ အရောင်းဆိုင်များထံကို လာရောက် ချထားပေးခဲ့သည်ဟု မန္တလေးမြို့မှ တယ်လီနော ဆင်းမ်ကတ်များ ရောင်းချလျက်ရှိသော အရောင်းဆိုင်များထံမှ သိရသည်။
တယ်လီနောမြန်မာက ရန်ကုန်မြို့တော်တွင် ဆင်းမ်ကတ်များ ရောင်းချခြင်းကို မန္တလေးမြို့၌ ဆင်းမ်ကတ်များ ရောင်းချပြီး နှစ်ပတ်ကြာချိန်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။
The Voice Weekly

No comments:

Post a Comment