Monday, October 6, 2014

ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ ရှင်း လင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၉၀၀၀ ခန့်အနက် ယခုနှစ် ပထမသုံးလအတွင်း ၀င်ငွေခွန်ကြေညာလွှာတင်သည့် ကုမ္ပဏီမှာ ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၃၉ဝဝဝ ခန့်တွင် ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ဝင်ငွေခွန်ကြေညာလွှာ တင်သည့် ကုမ္ပဏီမှာ ရာခိုင်နှုန်း ၃ဝ သာရှိပြီး ကြေညာလွှာမတင်သွင်းသည့် ကုမ္ပဏီပေါင်းမှာ ရာခိုင် နှုန်း ၇ဝ အထိရှိကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
အဆိုပါ ပြောကြားချက်အား အောက်တိုဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ အစိုးရမူဝါဒလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါရှင်းလင်းပွဲသို့ သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

အဆိုပါရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများအနက် ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း ဝင်ငွေခွန်ကြေညာ လွှာ လာတင်သည့် ကုမ္ပဏီပေါင်းမှာ စုစုပေါင်းကုမ္ပဏီ၏ ရာခိုင်နှုန်း  ၃ဝ ခန့်သာရှိကြောင်း၊ ရာခိုင်နှုန်း ၃ဝ သာ ဝင်ငွေကြေညာလွှာ တင်သွင်းသဖြင့် ကျန်ရာခိုင်နှုန်း ၇ဝ မှာ ကျသင့်အခွန်၏ ၁ဝ ရာခိုင်နှုန်းကို ပြစ်ဒဏ်အဖြစ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

“အခွန်မဆောင်တဲ့ ကုမ္ပဏီတွေရှိရင် ကျွန်တော်တို့ တည်ဆဲဥပဒေအရ အရေးယူပါတယ်။ ပထမဦးဆုံး ပြစ်ဒဏ်ချတယ်ဆိုတာ ရှိပါတယ်။ ဥပမာ ကုမ္ပဏီတွေက နှစ်ချုပ်ကြေညာလွှာတွေကို ဇွန် ၃ဝ ရက် နောက်ဆုံးထားပြီး တင်ရပါတယ်။ အဲ့ဒီမှာ မတင်ဘူးဆိုတာနဲ့ ပထမဦးဆုံး ကျသင့်တဲ့ ပြစ် ဒဏ် ၁ဝ ရာခိုင်နှုန်း ချပါတယ်။ အဲ့ဒီလိုပဲ ဒါ့ထက်ကြီးလေးတဲ့ ပြစ်ဒဏ်တွေလည်း ချလို့ရပြီး ထောင်ချလို့ရတဲ့ ပြစ်ဒဏ်လည်း ချလို့ရပါတယ်။ လက်ရှိမှာလည်း တော်တော်များများ ပြစ်ဒဏ်မိပါတယ်။ ဇွန် ၃ဝ ရက်မှာ တင်တဲ့ဥစ္စာသည် ကုမ္ပဏီတွေရဲ့ ၃ဝ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေသည် ပထမသုံးလပတ်အတွက် ဝင်ငွေကြေညာလွှာ မတင်သွင်းလို့ ၁ဝ ရာခိုင်နှုန်းပြစ်ဒဏ်မိကြပါတယ်” ဟု ဦးမင်းထွဋ်က ရှင်းလင်းသည်။

မှတ်ပုံတင်ထားသော မြန်မာကုမ္ပဏီပေါင်းမှာ ၃၉ဝဝဝ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်သူလူထုအကြားတွင် ပြုပြင်ပြောင်းလဲမှုများအပေါ် မျှော်လင့်ချက်များ မြင့်မားခဲ့သည်။ ထိုသို့မြင့်မားနေသော်လည်း လက်ရှိအစိုးရအဖွဲ့အစည်းအား ဒီမိုကရေစီအစိုးရအဖွဲ့အစည်း ဖြစ်အောင် ပြန်လည်တည်ဆောက်နေရခြင်းကြောင့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ သွားရောက်ရာတွင် နှေးကွေးမှုများလည်း ရှိခဲ့ကြောင်းနှင့် ထိုသို့ နှေးကွေးမှု့များရှိခဲ့သည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရကြောင်း ဦးစိုးသိန်းက ဆိုသည်။

ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့နှစ်ဦးက အဓိကရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားကြွေးမြီ ဒေါ်လာ ၉ ဒသမ ၇ ဘီလျံကျော်ရှိကြောင်း၊ အတိုးနည်းနည်းဖြင့် နှစ်ရှည်ရသည့် ချေးငွေများကိုသာ အဓိကချေးယူသွားရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံကိန်းများကို ရေးဆွဲလုပ်ဆောင်နေကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၄၃ ခုတွင် ၁၂ ခုမှာ ကနဦးခန့်မှန်းစာရင်းအရ အရှုံးပေါ်ကြောင်းကိုလည်း ရှင်းလင်းခဲ့သည်။ ဆွေးနွေးပွဲ တစ်ခုလုံး ခြုံငုံကြည့်လျှင် လွှတ်တော်တွင် ရှင်းလင်းပြီး အချက်များ နှင့် အစိုးရမူဝါဒများကိုသာ အများဆုံးရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment