ဖားကန့်ဒေသ ကေအိုင်အေတပ်ရင်း (၆)အား ရွှေ့ပေးရန် အစိုးရတပ်မတော်တပ်မ (၆၆)က ယခုအချိန်အထိ ဆက်တိုက်ပြောသော်လည်း ကေအိုင်အိုဗဟို၏ ဆုံးဖြတ်ချက်အတိုင်း ဖယ်ပေးမည်မဟုတ်ဟု ကေအိုင်အေတပ်ရင်း (၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်ကပြောသည်။
ထိုတပ်ရင်းအား ဖယ်မပေး ရန် ကေအိုင်အိုဗဟိုက ဆုံးဖြတ် ထားပြီး အစိုးရစစ်တပ်၊ တပ်မ(၆၆) မှလည်း ကံဆီးကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကေအိုင်အေ တပ်ရင်း ဖယ်ရှားပေးရန် ပြီးခဲ့သည့် နှစ်ရက်ခန့်က လာရောက် အကြောင်းကြားခိုင်းခဲ့ သည်ဟု ဆိုသည်။
‘‘မဖယ်ပေးဘူးလို့ ဘယ်နှစ် ခါပြောပြောဖယ်ပေးဖို့ပဲပြောနေ တယ်။ ဟိုတစ်နေ့က ရွာလူကြီး တွေကိုလာပြောခိုင်း တယ်’’ဟု ဗိုလ်မှူးတန်ဆန့်ကပြောသည်။
တပ်မ (၆၆) သည် ထိုတပ် ရင်းအား ဖယ်ပေးရန် အောက်တို ဘာ ၁၄ ရက်မှ စတင်ပြောဆိုနေ ခြင်းဖြစ်ပြီး အဆက်မပြတ်ဆိုသ လို ဒေသခံဘာသာရေးခေါင်း ဆောင်များ၊ ကျေးရွာလူကြီးများမှ တစ်ဆင့်ဖယ်ရှားပေးရန် ပြောဆို ခိုင်းလျက်ရှိသည်။
ယခုအချိန်ထိ ပစ်ခတ်မှုများ မရှိသော်လည်း အစိုးရတပ်မတော်မှ တပ်ရင်းလေးခုရောက်ရှိနေပြီး ဥရုချောင်းသာခြားကာ နှစ်ဖက် တပ်များ မီတာ ၂၀၀ ခန့် အကွာတွင်သာရှိနေကြခြင်းဖြစ်သည်။
‘‘ကုမ္ပဏီတွေပြန်ဖွင့်လာပြီ ဆိုတော့ ကုမ္ပဏီတွေက ဖိအား ပေးလို့ထင်တယ်။ ကျွန်တော်တို့ က ကုမ္ပဏီတွေကို နှောင့် ယှက်မှု ဘာတစ်ခုမှမရှိဘူး’’ဟု ၎င်းက ပြောသည်။
ထိုဒေသတွင် အခြားဒေသ မှ လာရောက်လုပ်ကိုင်ကြသည့် ကျောက်တူးသမားများနှင့် ဒေသခံများရှိနေပြီး ထိုဒေသခံများကပစ္စည်းများ အဆင့်သင့်ထုပ်ပိုး ထားကြကြောင်း သိရသည်။
7Day Daily
No comments:
Post a Comment