Friday, October 24, 2014

စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖော်ထုတ်မှတ်တမ်းတင်ရန် စီစဉ်

တပ်မတော်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက် မှုများကို စုံစမ်းဖော်ထုတ်ပြီး မှတ်တမ်းတင်ရန် ‘‘လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ’’ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က အောက်တိုဘာ ၂၃ ရက်တွင် ကြေညာလိုက်သည်။

၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်အချို့နှင့် NLD ပါတီဝင်ဟောင်းများပါဝင်သည့် ‘‘ညီညွတ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့’’က အဆိုပါ ကော်မတီ၏ တွေ့ရှိချက်များကို တိုင်းပြည်သို့ အစီရင်ခံစာတင်ပြသွားမည်ဖြစ် ကြောင်းလည်းထုတ်ပြန်ခဲ့သည်။

‘‘စစ်အစိုးရလက်ထက်တုန်း က ဖြစ်ခဲ့တာတွေအတွက် သမိုင်း မှတ်တမ်းမှတ်ရာမရှိသေးဘူး။ န.၀.တ၊ န.အ.ဖ လက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ပြီး မှတ်တမ်းထားဖို့ လုပ်ကြမယ်’’ဟု ညီညွတ်သော အမျိုး သားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ (ယာယီ) အ တွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောသည်။

‘‘လူ့အခွင့်အရေးချိုးဖောက် မှုဆိုင်ရာ စုံစမ်းရေးကော်မတီ’’ကို ခေတ်အဆက်ဆက်အရေးအခင်း များတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်များ၊ ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ပညာ ရှင်များ အပါအ၀င်အဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ကြေညာခဲ့ သည်။

စုံစမ်းစစ်ဆေးမှုများအတွင်း ၁၉၈၈ အရေးအခင်းကာလမှစပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ (န.၀.တ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (န.အ.ဖ)အစိုးရ အုပ်ချုပ်စဉ်ကာလများအတွင်း ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားပုံ၊ အတိုင်းအတာပမာဏနှင့် ဖြစ်ပွားခဲ့သည့်အကြောင်းအရင်းများကို စုံစမ်းဖော်ထုတ်သွားမည် ဖြစ်ကြောင်း ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ညီညွတ်သော အမျိုးသားဒီ မိုကရေစီအဖွဲ့တွင် ၁၉၉၀ ရွေး ကောက်ပွဲအနိုင်ရ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အမတ် အချို့နှင့် NLD ပါတီဝင်ဟောင်း များ ပါဝင်ပြီး NLD စတင်ဖွဲ့စည်း ခဲ့သည့် ၂၆ နှစ်မြောက်နှစ်ပတ် လည်နေ့ ဖြစ်သည့် ၂၀၁၄ စက် တင်ဘာ ၂၇ ရက်တွင် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။

ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (UNDO)ကို အမှု ဆောင် ၄၅ ဦးဖြင့် ဖွဲ့စည်းထားပြီး နာယကအဖြစ် ဦးစောနိုင်းနိုင်း၊ဥက္ကဋ္ဌအဖြစ် ဒေါက်တာသက် မင်း၊ ဒု-ဥက္ကဋ္ဌအဖြစ် ဒေါက်တာ ဇော်မြင့်အပါအ၀င်အဖွဲ့ဝင် ၁၇ ဦးပါသည့် ယာယီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

7Day Daily

No comments:

Post a Comment