Wednesday, November 19, 2014

အခြေခံဥပဒေပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ လွှတ်တော် အတည်ပြုမည်ဟုဆို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်

Photo: အခြေခံဥပဒေပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ လွှတ်တော် အတည်ပြုမည်ဟုဆို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်
Wednesday, November 19, 2014

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစီရင်ခံအပေါ် ယခုလွှတ်တော် တွင်း ဆွေးနွေးချက်များကို ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင်သာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်က ပြောကြားလိုက်သည့်အတွက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် ဆုံးရှုံးတော့မည် ဖြစ်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးဆုံးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ လည်းဖြစ်သူ သူရဦးရွှေမန်းက ၄၅ မိနစ်ကြာ သတင်းစာရှင်းပွဲ တစ်ရပ်ကျင်းပခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

အင်န်အယ်ဒီပါတီ၊ ဗဟိုအလုပ်အမှုဆောင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီအခြေခံ ဥပဒေကို မပြင်နိုင်ဘူး (၂၀၁၅ မတိုင်မီ)၊ ၅၉(စ)ကို မပြင်နိုင်ဘူးဆိုရင်၊အဲဒါ သေချာတယ်၊ သမ္မတ (ဒေါ်အောင်ဆန်းစုကြည်) ဖြစ်ပိုင်ခွင့်မရှိဘူးပေါ့” ဟု မဇ္ဈိမကို ပြောသည်။

မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့်သာ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အင်မတန်မှ အလားအလာနည်းသွားကြောင်း မှတ်ချက်ပြုသည်။

သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ၂၀၁၅ အလွန်မှ ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းထက် ယခုလွှတ် တော်အတွင်းတွင် တပ်မတော်သားကိုယ် စားလှယ် များက ၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရေးကို အပြင်းအထန်ကန့်ကွက်နေသည်ကို ကြည့်၍ မှန်းဆနိုင်သည်ဟု ပြောသည်။

အခြေခံဥပဒေပုဒ်မ ၅၉(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ် ဦးဦး ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသား ဖြစ်သူ များမဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” ဟု ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိအခြေခံ ဥပဒေနဲ့ပဲ ကျင်းပမယ်သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ယခုဆွေးနွေးနေသည့် မူသဘောဆွေးနွေးချက်များကို ဥပဒေကြမ်းပြုစုကာ ၂၀၁၅ ခုနှစ် ၊ ဇန်နဝါ ရီလထဲတွင်ကျင်းပမည့် ပထမအကြိမ်၊ ပြည်ထောင်စုအကြိမ်၊ ၁၂ ကြိမ်မြောက်ပုံ မှန်အစည်း အဝေးများတွင် ဆုံးဖြတ်အတည်ပြုမည်ဖြစ်သည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက “ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်လို့ မရဘူး။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အဖြေပေါ်မူတည်ပြီး ဆောင်ရွက်မှာ ဖြစ်တယ်။ ပြည်သူ့ဆန္ဒခံယူတယ် ဆိုတာလည်း အင်မတန်ခက်ခဲတဲ့ အရာဖြစ်တယ်” ဟု ပြောသည်။

ယင်းဆုံးဖြတ်များထဲမှ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်အတည်ပြုမည့် ပုဒ်မများအား ၂၀၁၅ ခုနှစ်၊ မေလတွင် ပြည်သူ့ဆန္ဒ ခံယူပွဲများ ပြုလုပ်၍ အတည်ပြုမည်ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၎င်းက “၂၀၁၅ မှာ ရွေးကောက်ပွဲလုပ်မယ်၊ လွှတ်တော်ကလည်း ရွေးကောက် ခံ ကိုယ်စားလှယ်တွေနဲ့ အတူဖွဲ့မယ်။ လွှတ်တော် သက်တမ်းစတဲ့ နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ ခုနှစ်တွင် မပြင်နိုင်ပါက ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းသည်လည်း “သူ့သဘော သူဆောင်မယ့် ကိစ္စ ဖြစ်ပါတယ်”ဟုလည်း လွှတ်တော်ဥက္ကဋ္ဌက ဆက်ပြောသည်။

၄၃၆ ပြင် ရေး သမ္မတနဲ့ တပ်မတော်ပေါ်မူတည်

သူရဦးရွှေမန်းက တပ်မတော်က ၄၃၆ မပြင်လိုကြောင်း သဘောထားမှတ်ချက်ပေး ထားသော်လည်း လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ရန် ၄၃၆ ပြင်ဆင်နိုင်ရေးကို အဓိက ထားသည်ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂၊ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုသာမက ပြည်သူ့ဆန္ဒခံယူပွဲများတွင်လည်း မဲပေးခွင့်ရှိ သူဦးရေ၏ ထက်ဝက်ကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်နိုင်သည်ဖြစ်သဖြင့် ပြင်ရန် ခက်ခဲသည့် အခြေခံဥပဒေဖြစ်သည်ဟု ပညာရှင်အချို့က မှတ်ချက်ပြုထားကြသည်။

သူရဦးရွှေမန်းက ၄၃၆ ပြင်ဆင်ရေးသည် တပ်မတော်နှင့် တပ်မတော် အပေါ်ထိုက်သင့်သည့် သြဇာသက် ရောက်မှုရှိသည့် သမ္မတ ဦးသိန်းစိန်တို့အပေါ်တွင် မူတည်သည်ဟုလည်း ပြောကြားသည်။

၎င်းက “သူတို့စေတနာပါရင်ပါ သလောက်၊ ခွင့်ပြုပေးရင်ပေးနိုင်သလောက်ပေါ့” ဟု ဖြည့်စွက်ပြောသည်။ တပ်မတော်သား ကိုယ်စားလှယ်များကမူ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေများ၊ အခြားအခြေအနေများကြောင့် ၄၃၆ ပြင်ဆင်ရေးကို မပြုလုပ်လိုပါကြောင်း အစီရင်ခံစာတွင်လည်းကောင်း၊ ဆွေးနွေးချက်များတွင် လည်းကောင်း ပြောထားသည်။

၅၉ (စ) ပြင်ချင်တာ ဒေါ်အောင်ဆန်းစု ကြည်တစ်ယောက်တည်းအတွက် မဟုတ်

ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ၅၉ (စ) ကို ၎င်းက ပြင်ဆင်လိုသည်ဟု ပြောကြားခဲ့ပြီး ယင်းသို့ ပြင်ဆင်လိုခြင်းသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအတွက် ရည်ရွယ်ခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

၎င်းက “၅၉ (စ) ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်အတွက်မဟုတ် ပါဘူး၊ သူ့အတွက် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း ပါမှာပါ” ဟု ပြောဆိုသည်

ယင်းပြဋ္ဌာန်းချက်ကို ပြင်ဆင်လိုခြင်းသည်လည်း နိုင်ငံသားများ၏ရွေးချယ်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့်အား မဆုံးရှုံးစေလိုခြင်းကြောင်းဟုလည်း ဆက်လက်ပြော ကြားသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင်က ၅၉ (စ) သည် အခြေခံ ဥပဒေပြင် ဆင်နိုင်ရေးအ ကောင်အထည် ဖော်မှုကော်မတီက မူလအတိုင်းထားရှိရန် ကော်မတီဝင် ၃၁ ဦးအနက် ၂၁ ဦးက ထောက် ခံအတည်ပြုထားသည့်ပုဒ်မဖြစ်ပြီး ပုဒ်မ၏ရည်ရွယ်ချက် သည် နောင်ဖြစ်လာမည့် သမ္မတသည် တိုင်းရင်း သားဖြစ်ရမည့်အပြင် သူ(သမ္မတဖြစ်မည့်သူ)နှင့် မိဘသား သမီးများအပါအ၀င် တိုင်းပြည်၏ ဘက်စုံစံ နမူ နာဖြစ်စေရေးအတွက် ထည့် သွင်းရေးဆွဲထားခြင်းဖြစ်သည်ဟု ယမန်နေ့က ဆွေးနွေးထားသည်။

လေးပွင့်ဆိုင်က ပိုအရေးကြီး

သူရဦးရွှေမန်းက ၎င်းသည် အောက်တိုဘာလ ၃၁ ရက်က လူပုဂ်္ဂိုလ် ၁၄ ဦး တွေ့ဆုံခဲ့သည့် ငါးပွင့်ဆိုင် ထိပ်သီးအစည်း အဝေးထက် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည့် သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းင်းကိုယ်တိုင်ပါဝင်သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲက ပိုထိ ရောက်မည်ဟု ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်အယူအဆက ပိုအရေးကြီး ပါတယ်၊ ၁၄ ပွင့်ဆိုင်က ထိ ရောက်တဲ့ ဆွေးနွေးမှုတွေ မဖြစ်နိုင်ပါဘူး” ဟုလည်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် က နေပြည်တော်ရှိ သမ်္မတအိမ်တော်တွင် နှစ်နာရီဝန်းကျင်ခန့် ကျင်းပခဲ့သည့် အထက်ပါတွေ့ဆုံပွဲသည် တစ်ဦးလျှင်ဆယ် မိနစ်စီသာ ပြောခွင့်ရခဲ့ပြီး မည်သည့်မျှ ရလဒ်မထွက် ပေါ်ခဲ့သည့်အတွက် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းအတွင်း ပြည်သူလူထုနှင့်တွေ့ ဆုံဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် အား နိုဝင်ဘာ ၈ ရက်၊ ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)

No comments:

Post a Comment