Thursday, November 27, 2014

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်၌ ယနေ့တွေ့ဆုံရန် NLD ပါတီကဖိတ်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များ နေပြည်တော်၌ နိုဝင်ဘာ ၂၇ ရက် (ယနေ့) တွေ့ဆုံရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖိတ်ကြား ထားကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များအား နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဖိတ်စာများပေးပြီး ဖိတ်ကြားခဲ့ကြောင်း၊ အလွတ် သဘော တွေ့ဆုံရန်ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း မကြာခဏတွေ့ဆုံဆွေးနွေးလေ့ရှိသည်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စကားပြောရန် စီစဉ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယင်းသို့စီစဉ်ခြင်းမှာ အလွတ်သဘောတွေ့ဆုံရန်ဖြစ်ကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ညစာစားရန် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက "နိုဝင်ဘာ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၇၀ တို့ တွေ့ဆုံမည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သို့ ဖိတ်ကြားထားမှုများ ရှိသည်ဟု သိရသော်လည်း တွေ့ဆုံရန် ဖြစ်နိုင် မဖြစ်နိုင် မသိသေးပါဘူး" ဟု ပြောကြား သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးရာတွင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ၊ အင်န်အယ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အပါအ၀င် ပုဒ်မများကိုပြင်ဆင်ရန်ဆွေးနွေးခဲ့ကြပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောင်းလဲသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ စုစုပေါင်း ၄၅၇ ခုအနက် ပုဒ်မ ၅၉ (စ) အပါအ၀င် ပုဒ်မပေါင်း ၂၁၀ ကိုပြင်ဆင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ ၂၂ ရက်တွင် အစီရင်ခံတင်ပြခဲ့သည်။

အစီရင်ခံစာပါ ပါတီအလိုက်အကြံပြု ချက်များတွင် ပုဒ်မ ၅၉ (စ) ကိုပယ်ဖျက်ရန် NLD ပါတီမှအကြံပြုခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခြေအနေအချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့်ပုဒ်မဖြစ်သည်ဟု အကြံပြုခဲ့သည်။ ထို့ပြင် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) အားလည်းပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ကော်မတီကအကြံပြုထားသည်။ သို့သော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆ အား မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အလွန်တွင် မြန်မာနိုင်ငံအား အေးချမ်းညီညွတ်တည်ငြိမ်စွာ ဆက်သွားနိုင်ရေးရှေးရှုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုတောင်းဆိုထားသည်။

Eleven Media Group

No comments:

Post a Comment