Thursday, December 18, 2014

လေးနှစ်အရွယ်မိန်းကလေးတစ်ဦးအား ကျပ်တစ်သောင်းခွဲနှင့် ရောင်းစားခံရမှုကို အရေးယူဖြေရှင်းပေးခြင်းမရှိ၍ ပြည်မြို့တွင် ညအချိန်လူစုလူဝေးဖြင့် တောင်းဆိုမှုဖြစ်ပွား

ပဲခူးတိုင်အနောက်ပိုင်းဒေသကြီး ပြည်မြို့တွင် လေးနှစ်အရွယ် ကလေးငယ် တစ်ဦးရောင်းစားခံရပြီး တောင်းစားနေရမှုကိုအရေးယူဖြေရှင်း ပေးခြင်းမရှိခြင်းကြောင့် လူစုလူဝေးဖြင့် လမ်းလျှောက်တောင်းဆိုမှု တစ်ရပ်ဖြစ်သွားခဲ့ကြောင်း သိရသည်။   ဒီဇင်ဘာလ ၁၆ ရက်ည ၈ နာရီခန့်က ပြည်မြို့၊ ဗိုလ်ချုပ် ကျောက်ရုပ်အနီး ညဈေးတန်းတွင် တောင်းရမ်း စားသောက်နေသည့်ကလေးများအတွင်းမှ လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရောင်းစားခံထားရကြောင်း ဈေးသည်များ၏ကူညီ တောင်းခံ မှုကြောင့် လူမှုအဖွဲ့စည်းများ၊ အရပ်ဘက်အဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့်၊ ခရိုင်လူမှုဝန်ထမ်း ရုံးများသို့ ဆက်သွယ်အကြောင်းကြားဖြေရှင်းပေးရန် ပြောဆိုခဲ့ပြီး လာရောက်ခြင်းမရှိ၍ လူစုလူဝေးများဖြင့် တောင်းဆိုမှုဖြစ်သွားဖြစ်ကြောင်း သိရသည်။



 "ကလေးလေးက တစ်သောင်းခွဲနဲ့ ကလေးတွေကို အုပ်စုဖွဲ့တောင်းစားခိုင်းတဲ့ ဒေါ်စိန်ကုလားဆိုတဲ့ အမျိုးသမီးဆီမှာ ရောင်းစားခံထားရတယ်လို့ ဈေးသယ်တွေပြောတယ်။ ညပိုင်းမှာ အဲဒီကလေးကို ညဈေးနားမှာတွေ့လို့ အကြောင်းကြားလာတာနဲ့ ကလေးကိုချော့ခေါ်ထားပြီး တောင်းခိုင်းသူကို စောင့်ဖမ်းတာ အဲအမျိုးသမီးကထွက်ပြေးသွားတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်တော့ အလုပ်ရှုပ်နေလို့ဆိုပြီး မလာနိုင်ဘူးတဲ့၊ လူမှုဝန်ထမ်းကလည်း နေမကောင်းဘူးလို့ပြောတော့ ရပ်ကြည့်နေတဲ့လူတွေကများလာပြီး အခုလိုဖြစ်သွားတာပါ" ဟု ဆက်သွယ်အကူညီတောင်းခဲ့သည့် ကိုသန်းထိုက်အောင်ကဆိုသည်။   မိန်းကလေးငယ်သည် မစုစုဝေဟုသိရပြီး တစ်နာရီခန့်အကူညီတောင်းခံ နေသည့် အရပ်ဘက်အဖွဲ့စည်းများနှင့် ဖြတ်သွားဖြတ်လာလူများက ရပ်ကြည့်ရင်း လူ ၂၀၀ ၀န်းကျင်ခန့် စုဝေးမိသွားကြောင်း ဖြေရှင်းပေးခြင်းမရှိခြင်းကြောင့် ကျောက်ရုပ်မှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်းလမ်း လျှောက်ကာ ကလေးသူငယ်အခွင့်ရေး အပြည့်အ၀ရရှိရေး ဒို့အရေး၊ ကလေးငယ်တစ်ဦး တစ်သောင်းခွဲဖြင့်ရောင်းစာခံရမှု ချက်ချင်းဖြေရှင်းပေး၊ စသည့်ကြွေးကြော်သံများ စံနန်းဦးလမ်းရှိ ခရိုင်လူမှုဝန်ထမ်းရုံးရှေ့တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း တောင်းဆိုခဲ့သူများထံမှသိရသည်။

 "ကလေးတစ်ယောက်က တစ်သောင်းခွဲပဲတန်သလား၊ တာဝန်ရှိသူတွေကလည်း အချိန်မီ ဘာလို့ လာမဖြေရှင်းပေးတာလဲ၊ သူတို့အဲလိုဖြေရှင်းပေးခြင်းမရှိလို့ အခုလိုလူစုမိသွားတာပါ။ ဒါကလေး လူကုန်ကူးမြောက်တယ်။ လူမှုဝန်ထမ်းရုံးကလည်းသွားအပ်တာကို အစပိုင်းမှာ ပရဟိတသီလရှင် ကျောင်းကိုသွားပို့လိုက်တဲ့ သူတို့ဖြေရှင်းပေး လို့မရဘူးတဲ့၊ နောက်ပိုင်းမှ အုပ်ချုပ်ရေးပိုင်းကအမိန့်ရမှ ကလေးကိုယာယီ လက်ခံထားလိုက်တယ်" ဟု တာဝန်ခံအပ်ပေးသူများထဲမှ ကိုကျော်ဆွေကပြောကြား သည်။   ယင်းကလေးငယ်အား ခရိုင်လူမှုဝန်ထမ်း ရုံးသို့ လူ့အခွင့်ရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ (HRDP)၊ ပြည်ခရိုင်နိုင်/ကျဉ်း၊ လက်တွဲကူမယ် ပြည်လူငယ်ပရဟိတအဖွဲ့၊ ကရုဏာလက်များကွန်ရက်နှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများက တာဝန်ယူအပ်နှံပေးခဲ့ပြီး ည ၉ နာရီခွဲခန့်တွင် လူစုခွဲသွားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment