Tuesday, January 27, 2015

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာစရိတ်အတွက် ငွေကျပ်ဘီလီယံ နှစ်ထောင့်ကိုးရာလျာထား

 လာမည့်ဘဏ္ဍာ နှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာ စရိတ်အတွက် ငွေကျပ်ဘီလီယံ ၂,၉၀၀ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဇန်န၀ါရီ ၂၆  ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်ပြလိုက်သည်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ၂၀၁၅ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာတွင် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်၌ နိုင်ငံဝန်ထမ်းများ၏ လစာစရိတ်အတွက် စုစုပေါင်းကျပ် ၂,၉၀၀ ဒသမ ၇၆၃ ဘီလီယံ လျာထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ၀န်ထမ်းများအား လစာတိုးပေးရန် တင်ပြထားပြီး လွှတ်တော်တွင် ဆွေးနွေးပြီးသည့်အခါ၌ တိုးပေးမည့်ပမာဏ ထွက်လာမည်ဟု ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် တိုးမြှင့်ပေးမည့် လစာပမာဏကို မီဒီယာများက မေးမြန်းရာ၌ ပြည်ထောင်စု ၀န်ကြီးကပြောသည်။


‘‘လစာတိုးတာမဟုတ်ဘူးဗျာ။ ဒီနှစ်လစာနဲ့ စရိတ်တွေတွက်လိုက်တဲ့အခါမှာ အဲဒီလောက်ရှိမယ်ဆိုတာကို ပြောတာပါ’’ဟု အဆိုပါငွေကျပ် ၂,၉၀၀ ဘီလီယံတွင်  ၀န်ထမ်းများအား တိုးမြှင့်ပေးမည့် ပမာဏ ထည့်သွင်းထားခြင်း ရှိ၊ မရှိ မီဒီယာများက မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

လစာတိုးပေးမှုနှင့်အတူ ဖြစ်ပေါ်ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းအဖြေရှာဆောင်ရွက်ကြရမည်ဖြစ်ကြောင်းကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

လာမည့် ၂၀၁၅-၁၆ဘဏ္ဍာ နှစ်တွင်  နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများအပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၏ လစာစရိတ်များတိုး မြှင့်သတ်မှတ်ပေးရေးကို အရေး ကြီးအဆိုအဖြစ် ပြီးခဲ့သည့်နိုဝင်ဘာက ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တစ်ဦးက တင်သွင်းထားပြီး လွှတ်တော်ကလည်း အတည်ပြုပေးထားသည်။

7 Day Daily

No comments:

Post a Comment