Thursday, January 29, 2015

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁၀ ရက်ကြာသည်အထိ တရားခံပေါ်ပေါက်ခြင်း မရှိသေးဘဲ စုံစမ်းမှုများ ဆက်လက်ပြုလုပ် နေဆဲသာဖြစ်ကြောင်း သိရ

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ၁ဝ ရက်ကြာသည်အထိ တရားခံပေါ် ပေါက်ခြင်းမရှိသေးဘဲ စုံစမ်းမှုများဆက်လက် ပြုလုပ်နေဆဲသာ ဖြစ်ကြောင်း သိရသည်။
“မနေ့က ကောင်းခါးရွာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ရွာသား ၃ဝ လောက် ကို ပြည်နယ်ရဲမှူးကိုယ်တိုင်စစ်တယ်။ အရင် ရက်တွေက ပြည်နယ်ရဲမှူး မပါဘူး။ အဲဒီနေ့က ပြန်ပါလာတယ်။ တပ်ပိုင်းက ဒုတိယတပ်ရင်းမှူး တစ်ယောက်ကိုလည်း ကိုယ်ရေးအချက်တွေယူပြီး အခြားစုံစမ်း မေးမြန်း တာတွေ လုပ်တယ်။ အဲဒီနေ့က တစ်ရွာလုံးကို စစ်တဲ့သဘောပါ။ အဓိကတော့ အရင်ရွာထဲမှာ ပြစ်ချက်ရှိဖူးသူတွေကို အဓိကထား စစ်တဲ့သဘောပါ” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ မုံးမောဝ်ဇုန်တာဝန်ခံ ဦးဇော်ရာက ပြောကြားသည်။

လက်ရှိတွင် အမှုကို ဆက်လက်စစ်ဆေးနေဆဲသာဖြစ်ပြီး အမှုနှင့်ပတ်သက်၍ ရယူထားသော ဆံပင်နမူနာ စစ်ဆေးမှုအခြေအနေများကို တာဝန်ခံဖြေကြား မည့်သူ မရှိပေ။
ကချင်ဆရာမ နှစ်ဦးအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို ဇန်နဝါရီ ၂၆ ရက်က အခင်းဖြစ်ပွားရာ ကောင်းခါးကျေးရွာ ဘုရားကျောင်း၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားအပြီးတွင် ဆရာမနှစ်ဦး၏ မိဘများကို တပ်မတော် ထောက်ပံ့ငွေကြေး ပေးခဲ့သော်လည်း လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။
“အောက်မေ့ဖွယ် အခမ်းအနားအပြီးမှာ ဗျုဟာမှူးက သူ့ရဲဘော်တစ် ယောက်ကိုခေါ်ပြီး ဆရာမလေးနှစ်ဦးရဲ့ မိသားစုဝင်တွေကို ငွေထုတ်ပေးတယ်။ ငွေကြေးအရေအတွက် ဘယ်လောက်ဆိုတာတော့ အတိအကျ မသိပေမယ့် အတော်များတဲ့ ပုံစံပေါက်ပါတယ်။ အဲဒီမှာ ဆရာမ လေး မိသားစုဝင်တွေက မယူဘဲ ငြင်းပယ်ပါတယ်။ မိသားစုဝင်တွေက ဒီကိစ္စက အသင်းကပဲ အစစအရာရာ တာဝန်ယူပြီး လုပ်ပေးတာဆိုတော့ အသင်းကိုပဲ ပေးချင်ပေးလိုက်ပါဆိုပြီး ဗျုဟာမှူးကို ပြန်ပြောတယ်။ အဲဒီလို အနေအထားမှာ ကျွန်တော်က ကြားဝင်ပြီး လက်တလောအနေအထားမှာ ဒီဟာကို လက်ခံဖို့အကြောင်း မသင့်လျော်သေးပါဘူး။ ဆရာမလေးနှစ်ဦး အမှုကိစ္စပေါ်ပေါက်ပြီးပြတ်မှသာ ဆရာမလေးတွေ စာသင်ကြားခဲ့တဲ့ ကောင်းခါးရွာက စာသင်ကျောင်းလေးကို ပြန်လည်မွမ်းမံ တည်ဆောက် နေရာမှာ ပါဝင်ကူညီပေးဖို့၊ လုံလောက်မှုမရှိရင်လည်း အသင်းတော်အနေနဲ့ ပါဝင်ကူညီပေးသွားပါဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့် အဲဒီကူညီထောက်ပံ့တဲ့ ငွေကြေးကို လက်ခံထားမှုမရှိပါဘူး” ဟု ကချင်ခရစ်ယာန် နှစ်ခြင်း အသင်း တော် (KBC) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမှုစစ်ဆေးမှုများကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးထားကြောင်းနှင့် သံသယ ဖြစ်ဖွယ်ရာများရှိပါက ကျေးရွာဆယ်အိမ်မှူးမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားနိုင်ကြောင်း၊ ကျူးလွန်သူမှာ တပ်မတော်ကဖြစ်ပါက ထိုသူကို တပ်စည်းကမ်းများအတိုင်း အရေးယူမည်ဖြစ်ပြီး အရပ်ဘက်မှ ဖြစ်ပါက အရပ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူမည်ဖြစ်ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရန် ဝိုင်းဝန်းလုပ်ဆောင် ရမည်ဖြစ်ကြောင်း ဇန်နဝါ ရီ ၂၅ ရက်က ကောင်းခါးဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံစဉ် တပ်မတော်ဘက်က ပြောကြားထားသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (KBC) ၏ တာဝန်ပေး စေလွှတ်ချက် အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးရွာသို့ ရောက်ရှိနေသော အသက် ၂ဝ နှစ် အရွယ် ကချင်ခရစ် ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦးသည် ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ဘုရားကျောင်းဝင်းအတွင်းရှိ ၎င်းတို့နေထိုင်ရာအိမ်တွင် အဓမ္မပြု ကျင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

No comments:

Post a Comment