Thursday, January 29, 2015

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမျိုးသားသီးသန့် အနှိပ်ခန်းများကို တရားဝင်ခွင့်ပြုပြီလား ...

Menbox Health & Beauty Spa ဆိုင်ကို ၀င်ရောက်စစ်ဆေးရာ သာမန် အနှိပ် ၀န်ဆောင်မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ပြောကြား
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Menbox Health & Beauty Spa ဆိုင်အား အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေနှင့် တာဝန်ရှိသူ များက ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်စစ်ဆေးရာ သာမန် အနှိပ် ဝန်ဆောင် မှုပေးသည့် ဆိုင်သာဖြစ်ကြောင်း အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ မှူး၏ ပြောကြားချက်အရ သိရသည်။
“သွားရောက်စစ်ဆေးတဲ့အခါ အနှိပ်လုပ်ငန်းပဲ လုပ်တာတွေ့ရတယ်။ ဟိုလိုမျိုး လိင်ဝန်ဆောင်မှုတွေ ပေးတယ်ဆိုတာနဲ့ ပတ်သက်ပြီး အတည်ပြုလို့ မရသေးဘူး။ ဆက်ပြီး စုံစမ်းရပါဦးမယ်” ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းရွှေက ဇန်နဝါရီ ၂၇ ရက်တွင် The Daily Eleven သတင်းစာသို့ ပြော ကြားပါသည်။
သွားရောက်စစ်ဆေးမှုတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့ ပါဝင်ခဲ့ပြီး ထူးခြားမှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်း၊ လိုအပ်သော စုံစမ်းမှုများ ဆက်လက်ပြုလုပ် ဦးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်ထားသော အမျိုးသားသီးသန့် အနှိပ် ခန်း အများစုမှာ Health & Beauty Spa ဟု အမည်ခံထားပြီး မိန်းမလျာ များနှင့် အမျိုးသမီးများအား လိင်ဝန်ဆောင်မှု လုပ်ငန်းများ ပြုလုပ်နေ ကြောင်း အဆိုပါ အသိုင်းအဝိုင်းနှင့် လူမှုကွန်ရက်မှ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့အတွင်း၌ Spa လိုင်စင်ဖြင့် အမျိုးသား သီးသန့် အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်မှု များပြားလာကြောင်း၊ အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်မှုများ ရှိလာကြောင်း၊ သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း မရှိသေးကြောင်း ဇန်နဝါရီ ၂၆ ရက်ထုတ် Weekly Eleven News Journal တွင် သတင်းနှင့် သတင်းဓာတ်ပုံ များ ဖော်ပြခဲ့သည်။
အဆိုပါဖော်ပြမှုနှင့် ပတ်သက်၍ ဂျာနယ်ထွက်ရှိသည့် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း တွင် အလုံမြို့နယ် စက်တွင်းလမ်းရှိ အမှတ် (၂၈)တွင် ဖွင့်လှစ် လုပ်ကိုင်နေသည့် အမျိုးသားသီးသန့် အနှိပ်ခန်း Menbox Health & Beauty Spa မှ မန်နေဂျင်း ဒါရိုက်တာကျော်ကျော်လွင် ဆိုသူနှင့် အခြားတစ်ဦးတို့ Eleven Media Group ရုံးသို့ ရောက်ရှိလာပြီး ကိုကျော်ကျော်လွင် ဆိုသူက “ကျွန်တော်တို့ဆိုင်မှာ အဲဒီကိစ္စမျိုးတွေ မပြုလုပ်ပါဘူး။ ဂျာနယ်မျက်နှာဖုံးမှာပါတဲ့ဆိုင်က ဖွင့်တာနှစ်ရက်ပဲ ရှိပါသေးတယ်။ ဂျာနယ်မှာ တပ်ထားတဲ့ခေါင်းစဉ်က အမျိုးသား ပြည့်တန်ဆာတွေ အကြောင်း ရေးထားတာ။ ရေးထားတဲ့စာတွေနဲ့ မျက်နှာဖုံးက ဓာတ်ပုံက မဆိုင် သလို ဖြစ်နေတယ်။ ကျွန်တော်ဆိုင်မှာ အဲဒီလိုကိစ္စတွေမရှိဘူး။ ကျွန်တော်မြင်တာကတော့ စာဖတ်ပရိသတ် အနေနဲ့ကြည့်ရင် ဓာတ်ပုံနဲ့ သတင်းကို တွဲကြည့်လိုက်ရင် ကျွန်တော်တို့ဆိုင်မှာ ဒါမျိုးလုပ်နေတယ် ဆိုတာကို ထင်ယော င်စေတယ်။ နောက်ပြီး ကျွန်တော်ဆိုင်ကိုလည်း ဂုဏ်သိက္ခာကျစေတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး သတင်းစာတစ်စောင် အနေနဲ့ သတင်း ထုတ်ပြန် တဲ့ အပြင် မျက်နှာဖုံးမှာ ဖော်ပြတဲ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်။ ကျွန်တော်အနေနဲ့ကတော့ Action တော့ ယူချင်တယ်။ အစ်ကိုတို့နဲ့ အကျယ်ကျယ် မဖြစ်စေချင်ဘူး။ အစ်ကိုတို့အနေနဲ့ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ပါတယ်” ဟု သတိပေး ပြောကြားခဲ့သည်။
ယင်းအပြင် ဇန်နဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင် ခန့်ကလည်း Menbox Health & Beauty Spa ဆိုင်ကိစ္စနှင့် ပတ်သက်၍ တောင်းပန်ရန်၊ တောင်းပန် ခြင်းမပြုပါက တရားစွဲဆိုသွားမည်ဟူသော Eleven Media Group ရုံးသို့ ဖုန်းဆက်ပြောဆိုမှုများလည်း ရှိလာသည်။
အမျိုးသားသီးသန့် အနှိပ်ခန်းများ၊ အမျိုးသားပြည့်တန်ဆာ လုပ်ငန်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေမှုများနှင့် ပတ်သက်၍ Eleven Media Group မှ သတင်းထောက်များက လိုအပ်သော တိုက်ရိုက် မေးမြန်း စုံစမ်းမှုများစွာ ပြုလုပ်ခဲ့သည်။ ထိုသို့စုံစမ်းမှုများအနက် အလုံမြို့နယ်နှင့် စမ်းချောင်းမြို့နယ် အတွင်း ဖွင့်လှစ်ထားသော Menbox Health & Beauty Spa အမျိုးသား သီးသန့်ဆိုင်လည်း အပါအဝင်ဖြစ်သည်။
Eleven Media Group မှ Menbox Health & Beauty Spa အမျိုးသား သီးသန့် ဆိုင်အား တိုက်ရိုက်သွားရောက်စုံစမ်းခဲ့ရာ “ဆိုင်က မန်နေဂျာ ဆိုတဲ့သူက ဒီမှာ ကတော့ Spa ပေါ့။ ပြီးတော့ အနှိပ်တွေလည်းပါတယ်။ ပထမဆုံးတော့ မနှိပ်တတ် ရင် သင်ပေးပါတယ်။ ဒါက အင်တာဗျူးအောင်ရင် အသေးစိတ်ပြောပြပါမယ်။ အခုကတော့ သဘောတရားလေးပဲ ပြောပြ တာပါ။ ဧည့်သည်တွေကတော့ နည်းနည်းပါးပါးကိုင်တာတွေ၊ ဘာတွေတော့ ရှိတယ်။ ဒါကတော့ ကိုယ်နဲ့ဆိုင်ပါတယ်။ အခြေခံလစာကတော့ ကျပ် ၃ဝဝဝဝ ပါ။ တစ်ဆက်ရှင်ကို ၁၅ ရာခိုင်နှုန်းပေးတယ်။ ဧည့်သည်တွေက မုန့်ဖိုးပေးတာတွေ ဘာတွေရှိတယ်” ဟု အလုပ်လျှောက်သူအဖြစ် ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်က သွားရောက်စုံစမ်းခဲ့သူ သတင်းထောက်က ပြန်လည် ပြောပြပါသည်။ (အသံဖိုင် အထောက်အထားများ ရှိပါသည်။)
ထို့ပြင် “တစ်လကို ကျပ်နှစ်သိန်းကနေ လေးသိန်းလောက် အထိတော့ရ တယ်။ အလုပ်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိပါ။ အမြဲတမ်းတော့ ဆိုင်မှာရှိနေရမှာပေါ့။ ဒါပေမဲ့ ကိုယ်ဝင်ရမယ့် အလှည့်နဲ့ မှန်းပြီး အပြင်လေး ဘာလေး ထွက်လို့ရပါတယ်။ ဒါပေမဲ့ တစ်နာရီတော့ ကျော်လို့မရဘူး။ ညဆိုင်ပိတ်ရင် အပြင်လေးဘာလေးထွက်ပြီး ထမင်းစား လို့ရတယ်။ ဒါပေမဲ့ ၁၁ နာရီခွဲကျော်ရင်တော့ ဆိုင်တံခါးပိတ်တယ်။ အဲဒီလိုကျရင် သူ့ဘာသာသူ အိပ်ချင် သလို အိပ်ချင်တဲ့နေရာမှာ အိပ်ပေါ့။ လာတဲ့ဧည့်သည်တွေက ကိုယ့်ကိုချိတ်ပြီး ထွက်ချင်ရင်လည်း ညဘက်ဆို ထွက်ပေါ့။ လိမ္မာရင် လိမ္မာသလောက် အပို ဝင်ငွေရတယ်။ နာမည်တွေကိုတော့ အင်္ဂလိပ်နာမည်တွေ ပေးမယ်လို့ ကျွန်တော် ကို ပြောခဲ့တယ်” ဟု အဆိုပါ ကိုယ်တွေ့သွားရောက် စုံစမ်းခဲ့သူ သတင်းထောက် က ပြောပါသည်။
အနှိပ်ခန်းများနှင့် ပတ်သက်၍ ဝေဖန်မှုအမျိုးမျိုး ရှိနေသည်။ အမျိုးသား၊ အမျိုးသမီး သီးသန့်ခွဲခြားခြင်းမရှိဘဲ ကျန်းမာရေး အသွင်ဆောင်သော အနှိပ်လုပ်ငန်းသီးသန့် ဖွင့်လှစ်ခြင်းမျိုးတွင် ပြည့်တန်ဆာလုပ်ငန်းများနှင့် ဆက်စပ်မှုမရှိကြောင်း သိရ သည်။ သို့သော် အမျိုးသားသီးသန့် အနှိပ်ခန်း များတွင် လိင်ဝန်ဆောင်မှုနှင့် အမျိုးသား ပြည့်တန်ဆာလုပ်ငန်းများ ဆက်နွှယ်မှုရှိနေကြောင်း နီးစပ်ရာ အဝန်း အဝိုင်းမှ စုံစမ်းသိရှိရသည်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေမှုများအရ လည်းကောင်း၊ Eleven Media Group မှ သတင်းထောက်များ၏ Investigative Reporting များအရ လည်းကောင်း၊ အဆိုပါ အလုပ်ခေါ်စာများအရ တိုက်ရိုက်သွားရောက် အသွင် ယူ လျှောက်ထားစုံစမ်း သိရှိထားချက်များ အရလည်းကောင်း၊ အဆိုပါ ဆိုင်များသို့ သွားရောက်ခဲ့ကြသည့် Customers အချို့အား စုံစမ်းမေးမြန်း မှုများ အရ လည်းကောင်း ယင်းကဲ့သို့ ဆက်စပ်မှုများ ရှိနေကြောင်း သိရ သည်။ ထို့ပြင် ယင်းကဲ့သို့ လိင်တူကိစ္စရပ်များသည် ဗုဒ္ဓဘာသာ ဓလေ့ထုံ တမ်းများ နှင့်လည်း သင့်လျော်မှုမရှိကြောင်း၊ လိုအပ်သလို ထိန်းသိမ်း တားဆီးပေးရန်လိုကြောင်း သုံးသပ်မှုများရှိနေသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အနှိပ်ခန်းများနှင့် ပတ်သက်သော အဆိုတစ်ခု တင်သွင်းခဲ့ဖူးသည်။
ယင်းအဆိုအား ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို တရားဝင် ခွင့်ပြုပေးရန်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ဆန့်ကျင် ထိခိုက် နေ၍ မဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက လွှတ်တော်အစည်းအဝေးတွင် ပြန်လည် ပြောကြားခဲ့သည်။
“တရားဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေမှန်သမျှ ဥပဒေနဲ့အညီဖြစ်အောင် တရား စွဲ ဆိုတာတို့၊ ဖမ်းဆီးအရေးယူတာတို့ ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့ နေရာ တိုင်း မှာတော့ ဒါတွေဟာ မပ,ပျောက်နိုင်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တရားမဝင် အနှိပ်ခန်းများ မရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိပြီး စည်းကမ်းနဲ့ မညီတဲ့ အလှပြင်ဆိုင် ဗန်းပြပြီး အနှိပ်ခန်းများ ဖွင့်လှစ်ခြင်းတွေကို ဖမ်းဆီး၊ တရားစွဲဆို၊ အရေးယူချိတ်ပိတ် ဆောင်ရွက် လျက်ရှိပါတယ်။ ဥပဒေနဲ့မညီလို့ ဖမ်းဆီး အရေးယူ နေတဲ့အတွက် သူတို့က တစ်နည်းအားဖြင့် Beauty Saloon တွေ၊ KTV တွေကို အကြောင်းပြပြီးတော့ ဒါတွေကို တရားဝင်လိုင်စင် ဆောင်ပြီးတော့မှ အဲဒီထဲမှာ တရားမဝင် အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ ဆောင်ရွက်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖော်ထုတ်အရေး ယူလျက်ရှိပါတယ်။ အနှိပ်ခန်းများကို ဥပဒေနဲ့အညီ လိုင်စင် ထုတ်ပေးပြီး အခွန်ထမ်းဆောင် စေမည်ဆိုပါက နိုင်ငံတော်အတွက် အခွန်ရရှိမည် ဖြစ်သော်လည်း မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားကို ဆန့်ကျင်ထိခိုက်နေတဲ့ အတွက် ဒါကို တော့ခွင့်ပြုလို့ မရပါဘူး။ ပြည့်တန်ဆာ လုပ်ငန်းများကို တည်ထောင် လုပ် ကိုင် လိုသူများကတော့ မျိုးစုံထွက်ပေါက်ရှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အနှိပ်ခန်းတွေကို ခွင့်ပြုဖို့ဆိုရင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းနဲ့ ဆောင်ရွက် လို့မရပါဘူး။ တိုင်းနှင့်ပြည်နယ် အားလုံးမှာ တစ်ပြေးညီ ဆောင်ရွက် မှာဖြစ် တဲ့အတွက် ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းသင့်တဲ့ ဥပဒေဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ထိုစဉ်က ပြောကြားခဲ့သည်။
ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသောင်း ကျော် တင်သွင်းခဲ့သော “ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများ ကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုပေးပါရန် တိုက် တွန်းကြောင်း” အဆိုအား ဆွေးနွေးမှုအပြီး ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်တလောဖြစ်စဉ်များနှင့် ပတ်သက်၍ အနှိပ်ခန်းများအား တရားဝင်ခွင့် မပြုဟု ဆိုသော်လည်း ယခုကဲ့သို့ အမျိုးသားသီးသန့် အနှိပ်ခန်းကိစ္စနှင့် ပတ်သက်၍ တရားဝင်ခွင့်ပြုထားခြင်းရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှ င့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတို့ထံ ဇန်နဝါရီ ၂၈ ရက်က ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အစည်းအဝေးများ ပြုလုပ်နေ၍ မအားကြောင်း ပြန်လည် ပြောကြားသည်။
ရန်ကုန်မြို့၌ လုပ်ကိုင်လျက်ရှိသော ဆိုင်လုပ်ငန်းများအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက နှစ်စဉ်လုပ်ငန်း လိုင်စင်ကြေးကောက်ခံ၍ လိုင်စင်ထုတ်ပေးလျက်ရှိပြီး ယင်းအမျိုးသား အနှိပ်ခန်းကိစ္စနှင့် ပတ်သက်၍ မည်သည့်လုပ်ငန်းလိုင်စင် အမျိုးအစားဖြင့် ခွင့်ပြုထားသည်ကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုမည့်သူ အစည်းအဝေး တက်ရောက်နေကြောင်းသာ ပြန်လည် ဖြေကြားသည်။
ရန်ကုန်မြို့တွင် ပေါ်ပေါက်နေသော မှုခင်းဖြစ်စဉ်အချို့ တရားခံမဖော် ထုတ်သေး သည့် ကိစ္စများနှင့် ပတ်သက်၍လည်း တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင် ရာ ရဲတပ်ဖွဲ့ဝင်များအပေါ် ဝေဖန်မှုများ ရှိနေသည်။

Eleven Media Group

No comments:

Post a Comment