Thursday, January 22, 2015

ဘယ်လ်ဂျီယံရှိ အစွန်းရောက် အစ္စလာမ္မစ်ဆဲလ်များကို လုံခြုံရေးတပ်ဖွဲ့များ မြေလှန်ရှာ

ဘယ်လ်ဂျီယံနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် အကြမ်းဖက်သမားများ၏ ခေါင်းဆောင် အပါအဝင် အကြမ်းဖက်ဆဲလ်များကို လုံခြုံရေး အာဏာပိုင်များက ပြင်းပြင်းထန်ထန် လိုက်လံဖမ်းဆီးလျက်ရှိကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
ဘယ်လ်ဂျီယံ တန်ပြန်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့၏ အဆိုအရ နိုင်ငံတွင်းရှိ အကြမ်းဖက် ဆဲလ်တစ်ခုသည် ဆီးရီးယားနိုင်ငံမှ ISIS အုပ်စုနှင့် အဆက်အသွယ်ရှိကြောင်း၊ ဘယ်လ်ဂျီယံနှင့် မော်ရိုကိုနွယ်ဖွား IS တပ်ဖွဲ့ဝင် အဘီဟာမစ်အဘူဟောက် ဆိုသူကို ပစ်မှတ်ထား ရှာဖွေလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဘီဟာမစ်ဆိုသူ ဂရိနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားနေရာမှ ဘယ်လ်ဂျီယံထဲသို့ ဝင်ရောက်လာသည်ဟု ယူဆရကြောင်း အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြင်သစ်နိုင်ငံတွင် ယခုလဆန်းပိုင်းက သရော်စာမဂ္ဂဇင်းတိုက် အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရပြီးနောက် ဘယ်လ်ဂျီယံတွင်လည်း အစ္စလာမ္မစ် အစွန်းရောက်တို့၏ တိုက်ခိုက်မှုများ ပေါ်ပေါက်လာမည်ကို အထူးပင်စိုးရိမ်လျက် ရှိကြသည်။
လက်ရှိအချိန်တွင် ဘယ်လ်ဂျီယံ အာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုနှင့် ဆက်နွှယ်မှုရှိသော အကြမ်းဖက်ဆဲလ်များကို လိုက်လံဖမ်းဆီးလျက် ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်အုပ်စုနှင့် ဆက်နွှယ်သူ ဘယ်လ်ဂျီယံနိုင်ငံသား ငါးဦးကို ဖမ်းဆီးအရေးယူခဲ့သည်။
သို့သော် ယင်းအကြမ်းဖက်အုပ်စုသည် ဘယ်လ်ဂျီယံနိုင်ငံတွင်း တိုက်ခိုက်မှုများ ပြုလုပ်တော့မည့် အနေအထားတွင် ရှိနေပြီ ဖြစ်သလို ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်လည်း စီစဉ်လျက် ရှိသည်ဟု လုံခြုံရေး အာဏာပိုင်များက ဆိုသည်။
ဂျာမနီနိုင်ငံမြို့တော် ဘာလင်တွင်လည်း ရဲတပ်ဖွဲ့က အစွန်းရောက် အစ္စလာမ္မစ်များနှင့် ချိတ်ဆက်မှု ရှိသည်ဟု သံသယရှိသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျက် ရှိသည်။
ဘာလင်မြို့ မွာဘစ်အရပ်ရှိ ဗလီများအနက် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်သည့် ဗလီတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စီးနင်းမှု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း IS အုပ်စုကို ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ထောက်ပံ့နေသည်ဟု သံသယရှိသည့် အစွန်းရောက် အစ္စလာမ္မစ်နှစ်ဦးကို ဘာလင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဤအတောအတွင်းမှာပင် အစွန်းရောက် အစ္စလာမ္မစ်များ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ချေမှုန်းနိုင်မည့် အထူးလုံခြုံရေး ကွန်ရက်တစ်ရပ် အမြန်ဆုံးဖွဲ့စည်းရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများ စီစဉ်လျက်ရှိသည်။

No comments:

Post a Comment