Wednesday, February 18, 2015

ဘလုတ်ညွန့်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများကို နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးမည်


အိမ်ခြေ ၂၅၀ ကျော် ဆုံးရှုံးခဲ့ရသော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ဘလုတ်ညွန့် ရပ်ကွက် တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းမှုတွင် မီးဘေးဒုက္ခသည် ၂၀၀၀ ကျော် ပြန်လည် နေထိုင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးနိုင်ရန် စီစဉ်နေကြောင်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ကျောဝင်းက ပြောကြားသည်။
နေအိမ် မီးလောင်ကျွမ်းမှုကြောင့် ခိုကိုးရာမဲ့နေသော မီးဘေး ဒုက္ခသည်များကို သာသနာ့ရောင်ခြည် ခါတော်မီ ကျောင်းတိုက်ရှိ ဓမ္မာရုံနှင့် ကန်သာအေး ဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ လတ်တလောတွင် မြို့နယ်ပေါင်းစုံမှ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိပြီး တိုင်းဒေသကြီး အစိုးရထံ နေအိမ်များ အမြန်ဆုံး ဆောက်လုပ် ပေးနိုင်ရေးအတွက် တင်ပြရန် မီးလောင် ဆုံးရှုံးခဲ့သော နေအိမ်များနှင့် မိသားစုဝင်များ စာရင်းများကို ကောက်ယူလျက် ရှိသည့်အပြင် ပြန်လည် ထူထောင်ရေးအတွက် အလှူငွေများကို လက်ခံလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။



ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ဘလုတ်ညွန့်ရပ်ကွက် ကန်သာအေး ၁ လမ်းတွင် ဖေဖော်ဝါရီလ ၁၆ ရက် ည ၇ နာရီခွဲက အသက် ၂၇ နှစ်အရွယ်ရှိ ကိုသက် (ခ)ထွန်းထွန်း (ခ) ရန်နိုင်ထွန်း၏ နေအိမ်ရှိ ထင်းမီးဖိုမှ မီးကြွင်းမီးကျန်မှာ ထရံသို့ ကူးစက် လောင်ကျွမ်းရာမှ ကန်သာအေး ၁ လမ်း၊ ၂ လမ်း၊ သန္တာလမ်းနှင့် စက်ကန် ၃ လမ်းတို့ရှိ နေအိမ် ၂၅၀ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူ ၂၀၀၀ ကျော် မီးဘေး သင့်ခဲ့ရကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“အိမ်ထောင်စု ၂၅၀ ကို ရပ်ကွက်မှာရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေဖွင့်ပြီး သက်ဆိုင်ရာ အဖွဲ့တွေက မီးလောင်ပြင် ရှင်းလင်းရေးတွေ ဆောင်ရွက်နေပါတယ်။ မီးဘေးသင့်သူ အများစုက အိမ်ငှား နေထိုင်သူတွေ ဖြစ်တယ်။ နေအိမ်ပိုင်ရှင် အများစုက ကိုယ့်ခြံနေရာ ကိုယ်ပြန်ရဖို့ မျှော်လင့်နေကြတယ်” ဟု ဘလုတ်ညွန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောကြားသည်။

အဆိုပါ လူ ၂၀၀၀ ကျော် မီးဘေးသင့်သူများအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ အပါအဝင် မြို့နယ်ပေါင်းစုံမှ အလှူရှင်များက ငွေကြေး၊ အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများနှင့် ငွေကြေးများကို ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းမှ စတင်ကာ လာရောက် လှူဒါန်းလျက် ရှိကြောင်း မီးဘေး ဒုက္ခသည်များထံမှ သိရှိရသည်။

“လမ်းပန်း ဆက်သွယ်ရေးသာ ကောင်းရင် ဒီလောက်မီးကြီးမှာ မဟုတ်ဘူး။ လမ်းတွေက ကျဉ်းတော့ မီးသတ်ကားတွေလည်း ဝင်မရ၊ ရေတွေ ရှိပေမယ့်လည်း ပက်လို့မရဘူး။ ဒါတောင် တော်တော်အုပ်စီးမီးလို့ ဒီလောက်ပဲ လောင်သွားတာ။ ကြည့်မြင်တိုင်နဲ့ ဒီဘက်ကို တံတားသာ ရှိခဲ့ရင် ဒီလောက် မဆုံးရှုံးနိုင်ဘူး” ဟု နေအိမ်မီးလောင် ဆုံးရှုံးခဲ့သော အသက် ၅၀ အရွယ် ဒေါ်သီတာက ပြောကြားသည်။

“ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံထဲမှာလည်း မီးဘေးဒုက္ခသည်တွေ ပြည့်နေတာပဲ။ လှဲအိပ်ဖို့တောင် ခက်ခဲတယ်။ သူတို့အတွက် နေစရာအိမ် အမြန်ဆောက်ပေးဖို့က အရမ်းကို လိုအပ်နေတာကြောင့် အလှူရှင်တွေအနေနဲ့ တက်စွမ်းသ၍ လှူဒါန်း ထောက်ပံ့စေလိုပါတယ်” ဟု လာရောက် လှူဒါန်းသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် မီးဘေးဒုက္ခသည်များအတွက် နေအိမ်ပြန်လည် တည်ဆောက်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်း ထောက်ပံ့လိုသူများ အနေနှင့် မီးဘေး ကယ်ဆယ်ရေး ဆပ်ကော်မတီမှ ကော်မတီဝင် ဦးတင်ရှိန် ၀၉၇၃၁၁၃၈၉၀၊ သာသနာ့ရောင်ခြည် ခါတော်မီ ကျောင်းတိုက် ခါတော်မီ ဆရာတော် ဘဒ္ဒန္တဦးသုမန ဖုန်း ၀၉၅၁၈၉၁၉၅ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment