Wednesday, February 4, 2015

TNLA အဖွဲ့၏ လူဖမ်းငွေတောင်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားရာ ဒေသခံ ၃၈၀ ကျော် ထွက်ပြေးတိမ်းရှောင်



ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ နေထိုင်သော ဒေသခံ ၂ ဦးအား TNLA အဖွဲ့မှ ငွေတောင်းရာ မပေးနိုင်သဖြင့် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ရာ တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် ဖေဖော်ဝါရီ ၂ ရက်နေ့၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သတင်းရရှိသည်။
“ မန်ပန်ရွာက ဦးအိုက်ညဲနဲ့ ပြောင်းပြန်ရွာက ဦးထွန်းကြည်တို့ကို ငွေသိန်း ၇၀ စီပေးဖို့ TNLA အဖွဲ့က တောင်းတယ်၊ မပေးနိုင်လို့ဆိုပြီး ဖမ်းခေါ်သွားတယ်လေ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

TNLA ဖမ်းဆီးသွားသော ရွာသား ၂ ဦး ပြန်လည်လွတ်မြောက်ရေး တပ်မတော် စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် ရွှေညောင်ပင်ရွာထိပ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ TNLA ဘက်မှ ၃ ဦး သေဆုံးသွားခဲ့ကြောင်း ယင်းရွာသားများထံမှ သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် မန်ပန်ရွာမှ ဒေသခံ လီရှော တိုင်းရင်းသားများသည် နမ့်ခမ်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ရာ စုစုပေါင်းအင်အား (၃၈၉) ဦးရှိပြီ ဖြစ်ကြောင်း ထွက်ပြေးလာသူ လီရှောတိုင်းရင်းသားတစ်ဦးက ပြောသည်။
TNLA ၏ လူဖမ်းငွေတောင်းမှုကို တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံ လီရှော မိသားစု များအား နမ့်ခမ်းမြို့၊ ရပ်ကွက် (၁၂) ၊ မန်နားရပ်ရှိ တရုတ်/လီရှော စာပေနှင့် ယဉ်ကျေးမှုရုံး၌ နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

နမ့်နောင့်နောင့် (နမ့်ခမ်း)

No comments:

Post a Comment