Sunday, March 22, 2015

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း နှစ်ကုန်ပိုင်းတွေ နေရာ ရွှေ့ပြောင်းမည်


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ဖွင့်လှစ်ထားသော ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် နေရာပြောင်းရွှေ့မည်ဖြစ်ပြီး ပြောင်းရွှေ့မည့်မြေနေရာတွင် ပင်မဆောင် ၆ ဆောင်ပါဝင်မည်ဖြစ်ပြီး ပင်မဆောင် ၄ ဆောင်မှာ ဆောက်လုပ်ပြီးစီးပြီဖြစ်သည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

“နှစ်ကုန်မှာ ပင်မဆောင်နှစ်ဆောင်ပြီးရင် အကုန်ပြောင်းလာနိုင်မှာပါ။ ရန်ပုံငွေ အခြေအနေပေါ်မှာလည်း မူတည်ပါသေးတယ်။ တစ်ပြိုင်တည်းတော့ မရွှေ့နိုင်ဘူးပေါ့။ ကုသရေးပိုင်းဆိုင်ရာလုပ်ငန်း စဉ်တွေကိုတော့ တစ်ဆင့်စီရွှေ့နိုင်မယ်လို့တော့ ယူဆရတာပဲ” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် မယ်တော်ဆေးခန်း တည်ရှိရာ နေရာနှင့် ပြောင်းရွှေ့မည့်နေရာသည် လမ်း သုံး လမ်းသာ ကွာခြားမည်ဖြစ်ပြီး အကျယ်အ၀န်းမှာ ၅ ဧကခန့် ကျယ်ဝန်းမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်းမှ လာရောက်ဆေးကုသသူ ဦးရေ နည်းပါးလာနိုင်ပြီး နိုင်ငံ၏ ဆေးရုံဆေးခန်း စံနှုန်း၊စံထားများဖြင့်ကိုက်ညီရန် ကြိုးစားဆောင်ရွက်ထားရ သည့်အတွက် ခုတင် ၂၀၀ဆန့် ဆေးကုသဆောင်သာ ပါဝင်မည်ဖြစ်သည် ဟုဒေါက်တာစင်သီယာမောင် ကဆိုသည်။

“လာကုတဲ့ လူနာ ၅၀ ရာခိုင်နှုန်းက ပြည်တွင်းကပါ။ နိုင်ငံရေးအပြောင်းအလဲမှာ ပြည်တွင်းက ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်ကောင်းမွန်လာရင် ဒီကိုလာရောက်ဆေးကုသသူတွေနည်းလာမှာပါ ”ဟု ဒေါက်တာစင်သီတာမောင်ကပြောသည်။

နေရာသစ်တွင်ဖွင့်လှစ်မည့် မယ်တော်ဆေးခန်း အဆောက်အဦများကို ထိုင်းနိုင်ငံရှိ မြန်မာကုမ္ပဏီများ၊ နိုင်ငံတကာဖောင်ဒေးရှင်းက ထည့်ဝင်ထားသည့် ရန်ပုံငွေများ၊ နိုင်ငံတကာ သံရုံးများက ဆောက်လုပ်လှူဒါန်း ခြင်းဖြစ်သည်။

လက်ရှိမယ်တော်ဆေးခန်းဖွင့်လှစ်ထားသည့်မြေနေရာသည် တစ်လလျှင် ဘတ် ငါးသောင်းဖြင့် ဆယ်နှစ်စာ ငှားရမ်းထားသည့်မြေနေရာ ဖြစ်ပြီး ယခုအခါ ငှားရမ်းသည့်ကာလမှာ  ငါးနှစ်ခန့်သာရှိသေးသည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် လူထုအံကြွမှုဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် ထိုင်းမြန်မာနယ်စပ်ရောက် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ဒေါက်တာစင်သီယာမောင်အပါအ၀င် ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမ နော်ထူးနှင့် ဦးစိန်ဟန်တို့က  ၁၉၈၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment