Sunday, March 22, 2015

နာမည်နဲ့လုပ်ရပ် ပြောင်းပြန်ဖြစ်နေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ်မတော် ဟု ရှမ်းပြည်နယ်ဒေသခံများမှ ပြောကြား


အဖွဲ့အစည်းနာမည်တပ်တော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော်တဲ့၊ တကယ်လုပ်နေတာက ရှမ်းပြည် ပျက်စီးရေးပဲဗျ၊ လူသစ်တွေစု၊ ဆက်ကြေးတွေကောက်နဲ့ ဘာကိုထူထောင်တာလဲ၊ ဘာတွေများ ပြည်သူ အတွက် လုပ်ပေးလို့လဲ၊ ရွာထဲဝင်ရင်လည်း ထမင်း၊ ဟင်းကအစ ချက်ကျွေးရတာ၊ သူတို့ စိတ်တိုင်းကျတဲ့ မိန်းမ ချောချောတွေ့ရင် ရွာတိုင်းလိုလိုမှာ မယားငယ်က ယူထားသေးတယ်၊ ရှမ်းပြည်မှာ နေပြီး ဗမာစစ်သားကို ကြောက်ရ၊ ရှမ်းစစ်သားကိုကြောက်ရနဲ့ ရှမ်းပြည်မှာနေ ရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းလာပြီ။ ဗမာစစ်တပ်ကမှ အခုနောက်ပိုင်းရွာတွေမှာ တော်တော် ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွား သေးတယ်။ ရှမ်းစစ်တပ်ကတော့ ပိုတောင်ဆိုးလာသလိုပဲဟု ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲ့မြို့မှ ဦးစိုင်းထွန်းဟိန်း က ပြောသည်။

ဦးစိုင်းထွန်းဟိန်း ဆိုသူမှာ မိုးနဲမြို့တွင် လူမှုရေးလုပ်ငန်းများ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသူ တစ်ဦး ဖြစ်ပြီး ယခု RCSS မှ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကြောင့် မိုးနဲ့မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းသို့ လာရောက် ခိုလှုံသူ များကို လူသားချင်းစာနာမှုအကူအညီများ လာရောက်ပံ့ပိုးပေးနေသူဖြစ်သည်။ တိမ်းရှောင်လာသူရွာသားများ အနက် မောက်မယ်မြို့နယ်အတွင်း ကျေးရွာအုပ်စုများမှ အများဆုံးဖြစ်ပြီး RCSS တပ်ရင်း(၃၆၁)မှ တပ်ရင်းမှူး ကာလိန်၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုကို မခံနိုင်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ယခုနှစ်ပိုင်းအတွင်း လူသစ်စုဆောင်းမှု ပိုမိုများပြားလာကြောင်း သိရသည်။
ကျွန်မတို့ကတော့ နည်းနည်းတော်သေးတယ်။ သားနဲ့ သမီးက ယိုးဒယားမှာ ရောက်နေတာလေ။ လူသစ် တော့ အစုမခံရတော့ဘူးပေါ့။ ဒါပေမဲ့ စိတ်တော့ နည်းနည်း ပူသေးတယ်။ သူတို့က အိမ်ထောင်စုစာရင်းနဲ့ လူသစ် တောင်းတာ၊ သားမရှိရင် အဖေ၀င်ရမယ်လို့လဲ ပြောနေ သံကြားရတယ်။ ယောင်္ကျားက အသက်(၆၀) ကျော်ပြီဆိုတော့ မလုပ်ရတော့ဘူး ထင်တာပဲလေထ။ ပိုက်ဆံ တော့ကောက်ဦးမယ် ထင်တယ်။ နည်းပါစေ လို့ပဲ ဆုတောင်းရတော့မှာပဲဟု နားခံကျေးရွာနေ ဒေါ်နန်းမတ်က ပြောသည်။

RCSS ရှမ်းပြည်တပ်မတော် အနေဖြင့် ယခင်နှစ်များကလဲ လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်လောက် အတင်းအဓမ္မ မဆန်ကြောင်း၊ ယခင်နှစ်များက ငွေကျပ်(၁၀)သိန်းမှ သိန်း(၃၀) အထိ ပေး ဆောင်နိုင်ပါက လူသစ်အဖြစ်မလုပ်ဘဲနေနိုင်ကြောင်း၊ ယခုနှစ်တွင်မူ ငွေသားပေးဆောင်စေခြင်း မပြုဘဲ လူကိုသာ အတင်းအဓမ္မစုဆောင်းလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးဆဲကာလတွင် ယခုကဲ့သို့ လူသစ် စုဆောင်းခြင်းမှာ မဖြစ်သင့်ကြောင်းဖြင့် ဒေသခံများ မှ ပြောကြားနေကြောင်း သတင်းရရှိသည်။

အိုက်ပန်
Credit >>> Shan News

1 comment:

  1. အဲ့ ဒီလိုလူစုထားတဲ့ အချိန်တိုက်လေယာဉ်နဲ့ ဗုံးကျဲပလိုက်ရမှာ။

    ReplyDelete