Tuesday, March 3, 2015

စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းကို တပ်မတော် သိမ်းပိုက်နိုင်ဟု သတင်းထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ဗျူဟာအရ အရေးကြီးသည့် တောင်ကုန်းတစ်ခုကို ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
လောက်ကိုင်ဒေသ တရုတ်-မြန်မာ နယ်နိမိတ် မှတ်တိုင်အမှတ် ၁၁၈ အနီးရှိ ပွိုင့် ၁၇၈၉ တောင်ကုန်းဖြစ်ပြီး တပ်မတော်စစ်ကြောင်းများက နံနက်ပိုင်းက စတင်ကာ ခြေလျင်အကူပစ် လက်နက်ကြီးများကို စနစ်တကျ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့ပြီး ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တောင်ကုန်းတစ်ဝိုက်သည် တောတောင်ထူထပ်၍ ခံစစ်ဆင်သူအတွက် မြေအနေအထားအရ အရေးပါသည့် တောင်ကုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တပ်မတော်၏ ပြင်းထန်သည့် ထိုးစစ်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ (မူရင်းအသုံး- ကိုးကန့်သောင်းကျန်းသူ) အနေနှင့် ကြာရှည်စွာ ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာသွားရာ အနီးနားရှိ တောင်ကုန်းအဆင့်ဆင့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ထံမှ အလောင်းငါးလောင်းနှင့် လက်နက်ငယ်မျိုးစုံ ခုနစ်လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်သုံးဦး ကျဆုံးခဲ့ကာ အရာရှိ/စစ်သည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရရှိသူများကို တပ်မတော်ဆေးရုံများသို့ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်-မြန်မာနယ်စပ်၊ လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖြစ်စဉ်များတွင် တရုတ်နိုင်ငံဘက်မှ အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည် ဆိုသည့် သတင်းများ ပေါ်ထွက်ခဲ့သည်။
သို့သော် အဆိုပါ သတင်းများအပေါ် တရုတ်အစိုးရက ငြင်းဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် တရုတ်နိုင်ငံ၏ မူဝါဒရေးရာနှင့်လည်း ကိုက်ညီမှု မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Kong Xuanyou က Xinhua သတင်းဌာနသို့ ပြောဆိုထားသည်။
တရုတ်နိုင်ငံ အနေနှင့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ တရုတ်နိုင်ငံအတွင်းတွင် အခြေပြုကာ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေရန် ဆောင်ရွက်ခြင်းတို့ကို လုံးဝခွင့်မပြုကြောင်း ၎င်းကဆိုသည်။

The Voice Weekly

No comments:

Post a Comment