Monday, March 16, 2015

နေပြည်တော်သို့ KIO ၏ ငြိမ်းချမ်းရေး ပထမခြေလှမ်း

ဒီနေ့ပွဲဟာ ရန်ကုန်မှာလုပ်မယ့်ပွဲရဲ့ ရှေ့ပြေးပါ။ ရန်ကုန် MPC မှာ ၁၇ ရက်မှာ လုပ်ပါမယ်။ NCCT နဲ့ UPWC စာချုပ်ချုပ် ဆိုတာ (၇)ကြိမ်မြောက် အစည်းအဝေးပဲ ဖြစ်ပါတယ်။ အဲဒီအစည်း အဝေး အတွက် ကေအိုင်အေ အဖွဲ့က လိုင်ဇာကနေ မန္တလေး၊ မန္တလေးကနေ နေပြည်တော်၊ နေပြည်တော် ကနေ ရန်ကုန်ကို သွားမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကေအိုင်အေ အဖွဲ့နဲ့ Bilateral ဆွေးနွေး ပွဲဖြစ်ပါတယ်။ ကြုံကြိုက်လို့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တွေ့ဆုံဖို့ ကြိုတင်စီစဉ်ပြီး လုပ်ကိုင် ခဲ့တာပါ။ တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းနဲ့ Bilateral တွေကလည်း လိုအပ်ပါတယ်။ NCCT အတွက် ဆွေးနွေးပွဲတွေ ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့နဲ့ ဆွေးနွေး တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပဋိပက္ခတွေ လျှော့ချရေး အကြောင်းပါပဲ။ ပဋိပက္ခတွေ ဖြစ်နေရင် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ် ဆိုဖို့က အဟန့် အတားအကန့် အသတ်တွေ ဖြစ်နိုင်ပါတယ်။

''ယခုလို ကေအိုင်အို အဖွဲ့လာရောက် တွေ့ဆုံတာ ထူးခြားသလို အဓိပ္ပာယ်လည်း ရှိပါတယ်''
ဦးလှမောင်ရွှေ (အကြီးတန်း အကြံပေး)
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)
ဒီနေ့မှာ နိုင်ငံတော် အစိုးရရဲ့ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တိုင်းရင်းသား အဖွဲ့တွေထဲက ကေအိုင်အေ အဖွဲ့က လာရောက် တွေ့ဆုံတာပါ။ နိုင်ငံတော် သမ္မတကြီးက ၂ဝ၁၁ခုနှစ် သြဂုတ်လက ဖိတ်ခေါ်ပြီးနောက်ပိုင်းမှာ တိုင်းရင်းသား အဖွဲ့တွေ နေပြည်တော် မှာ တွေ့ဆုံ ခဲ့တာ ရှိပါတယ်။
ဒီနေ့ ကေအိုင်အေ အဖွဲ့နဲ့ တွေ့ဆုံမှုကလည်း ထူးခြားတဲ့ တွေ့ဆုံမှုပါ။ ကေအိုင်အိုနဲ့ လွန်ခဲ့တဲ့ ၁၇နှစ်က အပစ်အခတ် ရပ်ခဲ့တာ ရှိပေမယ့် ၂ဝ၁၁ခုနှစ်မှာ ပဋိပက္ခတွေ ပြန်ဖြစ် လာပါတယ်။ ဒီလို အချိန်မျိုးမှာ လာရောက် တွေ့ဆုံနိုင်တာ ကောင်းပါတယ်။ ရန်ကုန်မှာ လာမည့် ၁၇ရက်မှာ ဆွေးနွေးဖို့ အဓိက ၈ချက်ပဲ ရှိပါတယ်။ ဒါတွေကို နှစ်ဖက် သဘောတူညီချက်ရခဲ့ရင် ပြည်သူတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးကို နောက်တစ်ဆင့် သွားနိုင်ဖို့အတွက် လက်မှတ်ရေးထိုး နိုင်မှာပါ။ ဒါကြောင့်မို့ ဒီဆွေးနွေးပွဲ မတိုင်မီ နှစ်ရက်အလိုမှာ ယခုလို ကေအိုင်အို အဖွဲ့ လာရောက်တွေ့ဆုံတာ ထူးခြားသလို အဓိပ္ပာယ်လည်း ရှိပါတယ်။
''တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အောင်မြင်ဖို့ လိုအပ်တယ်''
ဗိုလ်ချုပ် အဆင့်ရှိ ဂွမ်မော်(ဒုတိယ စစ်ဦးစီးချုပ်)
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
ဒီမနက်ကတော့ အဓိက ဒုတိယ သမ္မတကြီးနဲ့ တွေ့ဆုံတဲ့ပွဲ ဖြစ်ပါတယ်၊ အဓိက အနေနဲ့ (၇) ကြိမ်မြောက် NCCT နဲ့ UPWC တို့ တွေ့ဆုံဖို့ သွားရင်းနဲ့ နေပြည်တော်မှာ ဒုတိယ သမ္မတကြီးက လက်ခံ တွေ့တာဖြစ်ပါတယ်၊ ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက်မယ့် NCA မှာ ဘယ်လို အောင်မြင်အောင် လုပ်ဆောင်ကြမလဲ ဆိုတဲ့ အပိုင်းကို သဘောထားချင်း ဖလှယ်တာဖြစ်ပါတယ်၊ သဘောတူညီ ချက်အနေ နဲ့ကတော့ အချက်အလက်အပေါ် မဟုတ်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အောင်မြင်ဖို့ လိုအပ်တယ်၊ နှစ်ဖက်စလုံးက အောင်မြင်အောင် ကြိုးစားကြမယ်ဆိုတဲ့ သဘောထားကို ဖလှယ်ကြတာဖြစ်ပါတယ်၊ လောက်ကိုင် ကိစ္စကတော့ ကျွန်တော်တို့ KIO နဲ့ တိုက်ရိုက်မပတ်သက်ပါဘူး၊ လောက်ကိုင် မှာရှိနေတဲ့ ကိုးကန့်အဖွဲ့ကတော့ ကျွန်တော်တို့ NCCT ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်၊ ကျွန်တော်တို့ ဘက်က နိုင်ငံရေးအရ လက်တွဲခေါ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်၊ စစ်ရေးမှာတော့ လောက်ကိုင် ဒေသတွေမှာ ပါဝင်ဖို့ မရှိပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ချင်ပါတယ်၊ ခေါင်းဆောင်တွေ တွေ့ဖို့ အားမယ် ဆိုရင်တော့ တွေ့ဖို့လည်း မျှော်လင့်ပါတယ်။ ။
မြ၀တီ

1 comment:

  1. မင်းတို့ အရင်တုန်းကတော့ စစ်ဆင်ရေးကွပ်ကဲနေရလို့ မလာနိုင်ဘူးဆို။အခုတော့ လာတွေ့ ချင်နေပြီပေါ့ ။
    သတိထားပါလူလိမ်တွေ။

    ReplyDelete