Saturday, March 7, 2015

ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော်လည်း အခြေခံဥပဒေပြင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို အဓိက လုပ်ဆောင်မည်ဟု ၈၈ ဆို


အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေကြည့် ကျောင်းသား လှုပ်ရှားမှုကို ကြိုဆိုထောက်ခံသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ အဓိကထား လုပ်ဆောင်မည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များက ပြောကြားလိုက်သည်။

ကျောင်းသားများ ဆန္ဒထုတ်ဖော်မှုကို ၀န်ရံပေးသော ၈၈ ကျောင်းသား အချို့နှင့် ကျောင်းသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ မတ်လ ၅ ရက် ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြား လိုက်ခြင်း ဖြစ်သည်။
၈၈ ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက" ပြင်ရမယ်ဆိုတဲ့ အချက်ကို အပြည့်အ၀ သဘောတူတယ်၊ ၈၈ မျိုးဆက်အနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လမ်းလွဲမခံဘူး" ဟု ပြောကြားလိုက်သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ နီးကပ်သည်နှင့်အမျှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင် အထည်ဖော်မှုများ ပြီးမြောက်မှု မရှိခြင်းသည် အဓိက ထားသင့်သည့် အရာများဖြစ်သည် ဟု ၈၈ ကျောင်းသား ခေါင်းဆောင်များက ဆိုသည်။
ကိုမင်းကိုနိုင်က "ဒီနှစ်ထဲမှာ မဖြစ်မနေလုပ်ရမယ့် အပြောင်းအလဲတွေ ရှိတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပြောင်း အလဲတွေကို မလုပ်ချင်လို့များ လမ်းကြောင်းလွဲသွားအောင် ဖန်တီးနေရော့ သလားလို့ ခံစားရတယ်" ဟု ဆိုသည်။
မတ်လ ၅ ရက်က ရန်ကုန်မြို့ အမျိုးသား ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်သော ကျောင်းသားများကို လူစုခွဲခဲ့ပြီး ၈၈မျိုး ဆက် ငြိမ်း/ပွင့်မှ မနီလာသိမ်း အပါအဝင် ၇ ဦးကို ဖမ်းဆီးခဲ့ပြီး မတ် ၆ ရက်တွင်ပြန်လည် လွတ်မြောက်ခဲ့သည်။
Mizzima

No comments:

Post a Comment