Wednesday, April 22, 2015

သရက်သီးခူးရာမှ သမီးယောက်မနှစ်ဦး လူသတ်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် အမှတ် (၃) ရပ်ကွက် နှင်းဆီ (၅) လမ်းတွင် သရက်သီးခူးသည့် ကိစ္စနှင့် ပတ်သက်၍ သမီးယောက်မနှစ်ဦး စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရှိရသည်။
နှင်းဆီ (၅) လမ်းတွင် နေထိုင်သူ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်သန်းအေး၏ နေအိမ်သို့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၃ နာရီက သမီးယောင်းမဖြစ်သူ အသက် ၄၁ နှစ် အရွယ်ရှိ ဒေါ်ကြည်ကြည်ဝင်း ရောက်ရှိလာကာ ခြံဝင်းအတွင်းရှိ သရက်ပင်မှ သရက်သီးများ ခူးယူခဲ့ကြောင်း၊ ယင်းနောက် ဒေါ်သန်းအေး၏ ညီမဖြစ်သူ အသက် ၃၆ နှစ်အရွယ်ရှိ
ဒေါ်ခင်ခင်မိုးနှင့် စကားများရန်ဖြစ်ပြီး နှစ်ဦးလုံးထွေး သတ်ပုတ်စဉ် ဒေါ်ကြည်ကြည်ဝင်းက ဒေါ်ခင်ခင်မိုး၏ရင်ဝကို ဒူးဖြင့် တိုက်ခဲ့ သောကြောင့် ဒေါ်ခင်ခင်မိုးမှာ အသက်ရှူရပ်ကာ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“မောင်ဖြစ်သူရဲ့ မိန်းမက သူ့ယောင်းမတွေ ခြံထဲက သရက်ပင်မှာ သရက်သီးလာခူးတာ၊ ဝါးလုံးနဲ့ သရက်သီးတွေ ရိုက်ချနေတာကို မရိုက်ဖို့ သေဆုံးခဲ့သူက ဝင်ပြောရာကနေ သမီးယောင်းမနှစ်ယောက် စကားများပြီး လုံးထွေး သတ်ကုန်တာ။ အစ်မအကြီးဆုံးက ဝင်ဆွဲလို့ ရန်ပွဲ ရပ်သွားချိန်မှာ မောင်ဖြစ်သူမိန်းမက ဒူးနဲ့ သေဆုံးခဲ့သူရဲ့ ရင်ဝကို ပြေးတိုက်လိုက်တော့ အရှိုက်ထိပြီး သတိလစ် လဲကျခဲ့ရာက ဆုံးသွားရှာတယ်” ဟု အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။
အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီး၏ ရုပ်အလောင်းကို လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး လူသတ်မှု ကျူးလွန်ခဲ့သူ ဒေါ်ကြည်ကြည်ဝင်းကို (ပ) ၅၁/၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ထန်းတပင်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

Mizzima 

No comments:

Post a Comment