Wednesday, April 22, 2015

နှစ်စဉ် ရေရှားပါးရသည့် အကြောင်းရင်း အစိုးရ အဖြေရှာနေဆဲ

ရန်ကုန် (မဇ္ဈိမ)။ ။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ခန့်ကတည်းက နွေရာသီကာလအတွင်း သောက်ရေ၊ သုံးရေ ရှားပါးမှု ပြဿနာကြုံတွေ့
နေရသည့် ဒေသများအတွက် အစိုးရအနေဖြင့် အရေးပေါ် ကုစားနည်းဖြင့်သာ ဖြေရှင်းနေပြီး ရေရှည်စီမံကိန်းအတွက်မှာမူ
ရေရှားပါးရသည့် အကြောင်းရင်းကို အဖြေရှာနေဆဲအဆင့်သာ ရှိနေသေးသည်။
drinking-water-1
ရေရှားပါးသည့် ဒေသများအတွက် အရေးပေါ်ဖြေရှင်းနည်းအဖြစ် လူမှုရေးအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများဖြင့် ပူးပေါင်းကာ သောက်ရေ၊ သုံးရေများဝေငှပေးနေပြီး ရေရှည်စီမံကိန်းအတွက်မှာမူ ရေရှားပါးရသည့် အကြောင်းရင်းကို ကွင်းဆင်းစုံစမ်းနေဆဲသာဖြစ်သည်ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောသည်။

"နောက်နှစ်၊ နောက်နှစ်မှာ ဘယ်လိုနည်းနဲ့ ရေပေးရေးစနစ်ကို လုပ်ပေးမယ်ဆိုရင် နွေရာသီမှာ အခုလိုရေရှားပါးမှု မဖြစ်အောင်လို့ ဒါတွေကိုဖြေရှင်းတဲ့ နည်းလမ်းတွေအတွက် ကွင်းဆင်းပြီး ဖြေရှင်းနည်းတွေ ရှာနေတယ်" ဟု ဦးကျော်သူအောင်က ဧပြီ ၂၂ရက်တွင် မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ရေရှားပါးမှုပြဿနာကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသတစ်ချို့တွင် ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သော်လည်း ပြည်သူ့လိုအပ်ချက်ကို တာဝန်ယူဖြေရှင်းပေးရမည့် အစိုးရကမူ ရေရှည်အတွက် အဖြေရှာနေသည့်အဆင့်သာ ရှိနေသေးခြင်းဖြစ်သည်။
 ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင်မူ နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာ ကြုံတွေ့လာရသည်မှာ နှစ်ပေါင်း ၅၀ခန့်ရှိနေပြီဖြစ်သည်ဟု လပွတ္တာမြို့နယ်၊ တ.စ.ည ပါတီမှ တိုင်းအမတ်ဖြစ်သူ ဦးဇော်ဝင်းက ရှင်းပြသည်။
ကျေးရွာပေါင်း ၆၀၀ခန့်ရှိသည့် လပွတ္တာမြို့နယ်သည် သောက်ရေ၊ သုံးရေအတွက် မိုးရေကန်များကိုသာ အားကိုးနေရပြီး အဆိုပါ မိုးရေကန်အတွင်း ရှိရေများမှာလည်း နောက်ထပ် ရက်ပေါင်း ၂၀ကျော်(ခန့်မှန်း) လောက်သာ သုံးစွဲနိုင်တော့မည်ဟု ဆိုသည်။
"အခြေအနေကတော့ မဆိုးသေးပါဘူး။ ဒါပေမယ့် စိုးရိမ်စရာတော့ရှိတယ်။ ဘာလို့လည်းဆိုတော့ မိုးက ဘယ်အချိန်ရွာမယ်မှန်း မသိသေးဘူးလေ။ ဒီလကုန် ရှေ့လဝက်လောက်တော့ ကောင်းကောင်းခံနိုင်တယ်ဗျ။ မေလဝက်လောက်အထိတော့ ခံနိုင်တယ်" ဟု ဦးဇော်ဝင်းက မဇ္ဈိမကို ပြောသည်။
နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့ရလေ့ရှိသည့် ရန်ကုန်တိုင်း၊ ဒလမြို့နယ်အတွင်းတွင်လည်း လက်ရှိ အချိန်၌် သောက်ရေပြတ်လပ်မှုသာမက သုံးရေအခက်အခဲနှင့်ပါ ကြုံတွေ့လာနေရသည်ဟု ယင်းမြို့နယ်တွင် သောက်ရေများ လှူဒါန်းနေသည့် ရှင်ရေးကူညီမှုအသင်းမှ အလုပ်အမှုဆောင် ဦးမြတ်ဆွေက ပြောသည်။
ဒလမြို့နယ်သည် သောက်သုံးရေအတွက် အဝီစိတွင်းတူးပါက ရေငန်များသာထွက်ရှိ၍ မိုးရေလှောင်ကန်များမှ ရေကိုသာ အဓိကထား သုံးစွဲနေရသည့် မြို့နယ်ဖြစ်သည်။ နွေရာသီရောက်ရှိချိန်တွင် မိုးရေလှောင်ကန်များလည်း ခန်းခြောက်လာ၍ သောက်ရေအတွက် အခက်တွေ့လာရခြင်း ဖြစ်သည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ ရေရှားပါးမှု ပြဿနာများဖြေရှင်းရန် ယခုဘဏ္ဍာနှစ်တွင် အသုံးစရိတ်အဖြစ် ငွေကျပ် သန်းပေါင်း ၃၁,၀၀၀ ခွင့်ပြုငွေ ရရှိထားသည်။
Mizzima 

No comments:

Post a Comment