Sunday, April 5, 2015

ကိုယ်ကျိုးရှာ KIA နဲ့ သစ်ခိုးထုတ်မှုသံသရာ



မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် KIA အဖွဲ့နှင့် ပူးပေါင်းကာ သစ်ခိုးထုတ်ရန်ခိုးဝင်လာသည့် သစ်ခိုးဂိုဏ်း သစ်တင်ယာဉ်များကို ဖမ်းဆီးရမိခဲ့သော သတင်းက ဟိုးလေးတကြော်ပျံ့နှံ့နေပါသည်။ မတ်လ အတွင်းဖမ်းဆီးရမိ သစ်တင်ယာဉ် ၄၄ စီး၊ ယခင်ဇန်န၀ါရီလအတွင်းက ၄၃၆ စီးဟူသော ပမာဏကို ကြည့်ခြင်း အားဖြင့် အဖိုးတန်သစ်သယံဇာတများ ဘယ်လောက်ထိအောင် ဆုံးရှုံးသွားနေပြီလဲဆိုတဲ့ အသိစိတ်က မြန်မာ နိုင်ငံသားတစ်ဦးအနေနဲ့ မခံမရပ်နိုင်ဖြစ်မိတာ အမှန် ပင်ဖြစ်ပါသည်။

မန်စီမြို့နယ်၊ မထက်၊ မဒယန်၊ မိုင်(၃၀) ဒေသ၀န်းကျင်နှင့် ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံး ဒေသအတွင်း နိုင်ငံတော်၏ အဖိုးတန်သစ်များ တရားမ၀င်ခုတ်ယူပြီး တရုတ်နိုင်ငံသို့ ကိုယ်ကျိုးစီးပွာအတွက် သယ်ဆောင်ရောင်းချမည့် သစ်များဖြစ်ပါသည်။ ထိုသို့ တရားမ၀င် ၀င်ရောက်လာပြီး တရားမ၀င်ခုတ်နိုင်အောင် ကိုယ့်နိုင်ငံထဲခေါ်လာတာ မည်သူနည်း။

ရှင်းရှင်းပြောရလျှင် ကိုယ့် လူမပါဘဲနှင့် တရုတ်သစ်ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံသို့ ယခုကဲ့သို့ ၀င်လာနိုင်စရာအကြောင်းမရှိပါ။ သေချာပါသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှလွဲ၍ အခြားမဖြစ်နိုင်ပါ။

KIA ဟုသေချာတတ်အပ်ပြောရခြင်းမှာ ယင်းသစ်ကုန်သည်များထံမှ အထောက်အထားစာရွက်စာတမ်း များရရှိခဲ့သောကြောင့် ဖြစ်ပါသည်။ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံထဲသို့ ခိုးဝင်နိုင်အောင် KIA အဖွဲ့ဝင်များမှ လုံခြုံ ရေးဆောင်ရွက်ပေးခဲ့သည်ဟု ဆိုပါသည်။ သို့ဆိုလျှင် ကိုယ့်နိုင်ငံက အဖိုးတန် သစ်များကို တရုတ်လက်ထဲသို့ ၀ကွက်အပ်နှံနေသော အသားထဲကလောက်ထွက်အဖွဲ့မှာ KIA သာဖြစ်ကြောင်း ထင်ရှားနေပြီဖြစ်ပါသည်။

ယင်းသစ်ခိုးထုတ်မှုဖြစ်စဉ်အစအဆုံးတွင် အဓိက တရားခံမှာ KIA သာဖြစ်ပါသည်။ အစိုးရစစ်ကြောင်း များ တာဝန်အရတပ်လဲလှယ်သည်ကို နယ်မြေကျူးကျော်ပြီး စစ်ရေးအရဖိအားပေးသည်ဟု စွပ်စွဲက တိုက်ပွဲများ ဖြစ်အောင်ဖန်တီးသည်။ တစ်နည်းအားဖြင့် သစ်ခိုးခုတ်နေသော နေရာများဆီသို့ အစိုးရ စစ်ကြောင်းများ ရောက်မလာနိုင်အောင် နည်းလမ်းမျိုးစုံဖြင့် ဟန့်တားခြင်းဖြစ်ပါသည်။ သို့သော် KIA ထက် ဥာဏ်ရှိသော တပ်မတော်က လေကြောင်းကင်းထောက်မှုအရ သိသွားခဲ့ပြီး မြေပြင်တွင်စစ်ကြောင်းများဖြင့် မတ်လ ၂၁ ရက်မှ ၂၉ ရက်နေ့အထိ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။

KIA အဖွဲ့သည် ကိုယ်ကျိုးစီးပွား အတ္တတစ်ခုတည်းအတွက် ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်သယံဇာတများ ကို တိုင်းတစ်ပါးနိုင်ငံသားများလက်ထဲသို့ ရက်ရက်ရောရော ထည့်နေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါ သည်။ ယခင်အကြိမ်များတွင် KIA လက်ညှိုးထိုးရောင်းစားသော အဖိုးတန်သစ်တောများ မည်မျှပြုန်းတီးနေပြီ မသိပေ။ 

ယခုလို ပက်ပင်းမိတော့မှသာ KIA နှင့် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ပေါင်းစားနေမှန်း သိခွင့်ရခြင်းဖြစ်ပါသည်။ တကယ်လို့များ KIA အဖွဲ့ကိုသာ သူတို့ထူထောင်ချင်သော ၀မ်ပေါင်နိုင်ငံထူထောင်ခွင့်၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းခွင့်ပေးလိုက်မည်ဆိုလျှင် ကချင်ပြည်နယ် တစ်ခုလုံး ကိုပင် တရုတ်လက်ထဲရောင်း စားမည့် အလားအလာဖြစ်နေသည်။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းရင်းသားများ မျက်နှာကိုပင်မထောက် ကိုယ်ကျိုးရှာ KIA နဲ့ သစ်ခိုးထုတ်မှု သံသရာကို အဆုံးသတ်စေချင် ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

ဇင်အောင်

Kachin Daily News

1 comment:

  1. မံစီနဲ့ မိုးမိတ်ကြားတောလမ်းတွေကိုအကုန်ပိတ်ဆို့ ပါ။နန့် ဟန်ကနေ၊ ခပ်ပရာ၊အင်ဘာဘာ ကေအိုင်အေစခန်းတွေကိုသယ်ပြီးနောင်သောင်းကိုပို့ နေတာပါ။ဒီနှစ်နဲ့ ဆို သစ်ခိုးတာ ၄နှစ်ရှိပြီ အရမ်းဖမ်းတဲ့ အချိန်တောင်နောင်သောင်းကိုဝင်တာသစ်ကားအစီး ၂၀၀လောက်ရှိတယ်။ကေအိုင်အေတပ်ရင်း၂၇ကိုအပြုတ်တိုက်ပါ သစ်ခိုးတာရပ်သွားမှာပါ။အဲ့ ဒီလမ်းကြောင်းတွေကိုပိတ်မဲ့ စစ်တပ်မရှိတော့ ဘူးလား။သစ်သယ်တဲ့ ဆိုင်ကယ်တွေကကချင်တွေပါ။၎နှစ်တိတိသူများနိုင်ငံကသယံဇာတကို ငွေအတုတွေနဲ့ လာဝယ်နေတာ။အဲ့ ဒါမှအချုပ်အချာအာဏာကိုထိပါးတာအစစ်ဗျ။သူတို့ နိုင်ငံထဲကျော်သွားတော့ စစ်ရေးလေ့ ကျင့် ပြတာနဲ့ ။ဗိုလ်ချုပ်စောလွင်လက်ထက်ကလိုသစ်ခိုးတဲ့ တရုတ်ဆိုယင်အသေပစ်သတ်ပါလား မလုပ်ရဲဘူးလား။တောထဲမှာဘယ်သူမှတွေ့ တာမှမဟုတ်တာ။

    ReplyDelete