Thursday, April 9, 2015

ကျေးသီးမြို့နယ်အတွင်းရှိကျေးရွာများမှ SSPP/SSA အဖွဲ့ရိက္ခာနှင့် အစားအသောက်များတောင်းခံ


ရှမ်းပြည်နယ်တောင်ပိုင်း၊ကျေးသီးမြို့နယ်၊ ဝမ်ဝကျေးရွာအုပ်စု၊ ဝမ်ဝကျေးရွာအနီးတွင်ဧပြီလ ၇ ရက်နေ့၌ရှမ်းပြည်တိုး တက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှရောက်ရှိလာပြီးအခြေပြုနေထိုင် လျက်ရှိကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါအဖွဲ့သည် ဝမ်ဝကျေးရွာအုပ်စု၊ ဝမ်ဝကျေးရွာအနီးတွင် စခန်းချနေထိုင်လျက်ရှိပြီးကျေးရွာတာဝန်ရှိသူများကို ခေါ်ယူ ၍ ဆန်နှင့် အစားအသောက်များတောင်းခံခဲ့ကြောင်းသိရသည်။

“ရွာရဲ့အနောက်တောင်ဘက်မှာရှိတဲ့ တောင်းကုန်းမှာသူတို့တွေ စခန်းချထားတယ်၊ ရွာထဲကနေဆန်နဲ့ အစားအသောက် တွေတောင်း လို့ ပေးလိုက်ရတယ်၊ ခဏခဏပေးနေရတာပါပဲ၊ လူအင်အားတော့ ၅၀ လောက်ရှိမယ်ထင်တယ်၊ အစား အသောက်သွားပို့တဲ့ရွာသား များပြောတာတော့ လက်နက်ကြီးတွေလည်းပါတယ်လို့ပြောတယ်” ဟု ဒေသခံရွာသားတစ်ဦး ကပြော သည်။

SSPP/SSA အဖွဲ့အနေဖြင့် ယင်းကျေးရွာအနီးတွင် နေထိုင်လျက်အုပ်စု အတွင်းရှိ ကျေးရွာများကိုလည်း ရိက္ခာနှင့် အစား အသောက်များတောင်းခံ ထားကြောင်းသိရသည်။

“ရွာနားမှာစခန်းလာချတယ်ဆိုတော့ အန္တရာယ်တွေတအားများတယ်၊ တချို့ အိမ်တွေလည်းပြေးဖို့အတွက်ပြင်နေကြပြီ၊ တော်ကြာအစိုးရတပ်
စစ်ကြောင်းတွေနဲ့တွေ့ရင် တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်နေရတယ်၊ တိုက်ပွဲဖြစ်ပွားတော့ ဘာအလုပ်မှ လုပ်လို့မရဘူး၊ စားဝတ်နေရေးအခက် အခဲတွေဖြစ်လာနိုင်တယ်၊ သူတို့ဘာသာသူတို့ ဝမ်ဟိုင်း မှာအေးအေးဆေးဆေးနေ ပြီးတာပါပဲ၊ ဒီမှာလာပြီးဒေသခံ တိုင်းရင်းသားတွေကိုဒုက္ခရောက်အောင် လုပ်နေတယ်”ဟု အမည်မဖော်လိုသူ အုပ်ချုပ် ရေးမှူးတစ်ဦးမှ ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းလက်မှတ်ရေးထိုးထားသော SSPP/SSA အဖွဲ့အနေဖြင့် ယခုကဲ့သို့ တပ်စခန်းများ တိုးချဲ့ချထားမှု များပြုလုပ်လာခြင်းသည် နောက်တစ်ဆင့် ဆက်လက်ပြုလုပ်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အနှောင့်အယှက်များ ဖြစ်ပေါ် လာနိုင်ကြောင်းနှင့် ဒေသခံတိုင်းရင်းသားတို့မှာလည်း စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်လာပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ကျေးသီးမြို့ခံရှေ့နေတစ်ဦးက ပြောကြားသွားသည်။

#စိုင်းခွန်စစ်

Shan News

No comments:

Post a Comment