Tuesday, May 26, 2015

ရန်ကုန်မြို့တော်ရှိ စားသောက်ဆိုင်များအားလုံး ည ၁၁ နာရီပိတ်ရန် အမိန့်ထုတ်

ညဥ့်နက်ချိန် သောက်စားမူးယစ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုအပြင် လူသတ်မှု၊ လုယက်မှုများပါ ကျူးလွန် လာမှုများကြောင့် ရန်ကုန်မြို့တော်ရှိ ယစ်မျိုးရောင်းချသော စားသောက်ဆိုင်များကို ည ၁၁ နာရီ ကျော် လွန်သည့်အထိ ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။
“ကလပ်၊ စင်တင်တေးဂီတဆိုင်၊ KTV နဲ့ ယစ်မျိုးတွဲဖက်ရောင်းတဲ့ ဆိုင်တွေကို ည ၁၁ နာရီ ဆိုင်ပိတ်ဖို့ မှာထားပေမယ့် လိုက်နက်မှုအားနည်းလို့ ထပ်ပြီး အမိန့်ထုတ်ရတာပါ၊ ဒီတစ်ခါ ထပ်ထုတ်ပြန်တဲ့ အမိန့်စည်းကမ်းကို မလိုက်နာတဲ့ ဆိုင်ပိုင်ရှင်တွေကို ပုဒ်မ ၁၈၈ နဲ့ အရေးယူသွားမယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော်အတွင်း ညဥ့်နက်ချိန်ထိ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များကြောင့် မလိုလား အပ်သော မှုခင်းများ ဖြစ်ပွားလျက်ရှိရာ မှုခင်းကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၀ အရ ယင်းအမိန့်ကို ထုတ်ပြန်ကာ တားမြစ်ရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ယစ်မျိုးလိုင်စင် စည်းကမ်းမှာ ည ၁၁ နာရီကျော်ပြီး ဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုဖို့ သတ်မှတ်ထား ပေမယ့် ဆိုင်ရှင်ရော စားသုံးသူပါ စည်းကမ်းလိုက်နာမှု အားနည်းတယ်။ ဒီဒေသန္တရအမိန့်က ခဏခဏ ထုတ်ပေမယ့် မအောင်မြင်ခဲ့ဘူး။ ထုတ်ပြန်ထားတဲ့ အမိန့်အတိုင်း ရဲတပ်ဖွဲ့ကလည်း ထိရောက်စွာ ဖမ်းဆီး မယ်ဆို ဒီအမိန့်ထုတ်ပြန်ချက် လူတိုင်း လိုက်နာမှာ သေချာတယ်” ဟု အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ် တစ်ခုတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တော်အတွင်းရှိ ကလပ်၊ KTV နှင့် စင်တင်တေးဂီတဆိုင်များမှ ပိုင်ရှင်များကို သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးများတွင် ခေါ်ယူကာ ယင်းအမိန့်ထုတ်ပြန်ချက်ကို လိုက်နာရန် ကတိ ဝန်ခံ လက်မှတ်များ ထိုးခိုင်းခဲ့ကြောင်း၊ ယင်းထုတ်ပြန်သည့် အမိန့်ကို မလိုက်နာသည့် လုပ်ငန်းရှင်များကို အရေးယူနိုင်ရန် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညစဉ် လှည့်ကင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly 

No comments:

Post a Comment