Friday, May 8, 2015

နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေး တပ်မတော်နှင့် KNPP ထပ်မံဆွေးနွေး

တပ်မတော်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေးအတွက် တပ်မတော်နှင့် KNPP တို့ ထပ်မံဆွေးနွေးကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးပလူးရယ်က ပြောကြားသည်။
မေလ ပထမပတ်အတွင်း ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း KNPP တပ်များက လက်နက်ကိုင်လှုပ်ရှားများ ပြုလုပ်လာသောကြောင့် တပ်မတော် စစ်ကြောင်းများက ရှေ့တိုးလာကြောင်း၊ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် မေလ ၇ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်တွင် ပြုလုပ်ခြင်း ဖြစ်ပြီး ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့နှင့် KNPP အတွင်းရေးမှူး (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးပလူးရယ်က ဆိုသည်။
“ကျွန်တော်တို့ တပ်တွေက အခုချက်ချင်း ပြန်မဆုတ်သေးဘူး၊ အဲဒီနေရာမှာ ရှိနေပါတယ်၊ အထက်က ဆုံးဖြတ်ချက် မချသေးလို့ သူတို့က ပြန်ဆုတ်လို့ မရပါဘူး။ အဲဒါကြောင့် တပ်မတော်ဘက်က ရှေ့မတိုးဖို့ကို သွားပြီး မေတ္တာရပ်ခံတာပါ။ သူတို့ကလည်း ညွှန်ကြားထားမယ်လို့ ပြောတယ်။ တကယ်တမ်း မြေပြင်မှာတော့ ရှေ့ကို ဆက်တိုးနေတယ် ပြောတယ်။ မြေပြင်ဆိုတာ နှစ်ဖက်တပ် မထိတွေ့ဖို့ ထိန်းသိမ်းရ အင်မတန်ခက်တယ်” ဟု ၎င်းကဆိုသည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့မှ အင်အား ၂၀၀ ဦးခန့်သည် လက်နက်များ ကိုင်ဆောင်ပြီး ကယားပြည်နယ် ရှားတောမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း စည်းရုံးမှုများ ပြုလုပ်ရန်အတွက် ၂၀၁၅ ခုနှစ် မေလ ၁ ရက်နေ့တွင် သံလွင်မြစ်ကို ဖြတ်ကူးပြီး သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ရောက်ရှိအခြေပြု နေထိုင်လျက်ရှိကြောင်း တပ်မတော်က မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းနောက် လက်နက်ကိုင်ဆောင် သွားလာခွင့် တားမြစ်ထားသော နယ်မြေအတွင်း သွားလာနေမှုကြောင့် လွိုင်ကော်မြို့ ဒေသကွပ်ကဲရေးမှူးက မေလ ၂ ရက်နေ့တွင် KNPP အဖွဲ့ဝင်များကို ခေါ်ယူတွေ့ဆုံပြီး တရားဝင်ခွင့်ပြုချက် မရသေးဘဲ လက်နက်ကိုင်ဆောင် သွားလာခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ယခုကိစ္စသည် ငြိမ်းချမ်းရေး ဆောင်ရွက်ထားမှုကို ပျက်ပြားစေနိုင်ခြင်းကြောင့် ရှေ့သို့ ဆက်လက်သွားရောက်ခြင်း မပြုရန် တားမြစ်ထားကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရှားတောမြို့နယ်အတွင်း ရောက်ရှိနေသော KNPP တပ်ဖွဲ့ အရေးကို မေလ ဒုတိယပတ်အတွင်း ပြုလုပ်မည့် KNPP ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment