Friday, July 31, 2015

အငှားချအိမ်ရာ စီမံကိန်းအတွက် ကျပ် ၄၆ ဘီလီယံ အသုံးပြုမည်ဟုဆို

တစ်နိုင်ငံလုံးတွင် အငှားချအိမ်ရာ စီမံကိန်း လုပ် ဆောင်ရန် ကျပ် ၄၆ ဘီလီယံအသုံးပြု တည်ဆောက်သွားမည်ဟု ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနသတင်းစာရှင်းလင်းပွဲတွင် ညွှန် ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အငှားချအိမ်ရာ စီမံကိန်း တွင် ၀န်ထမ်းများအတွက် အငှား ချမည့် အိမ်ရာနှင့် ပြည်သူများအ တွက် အငှားချမည့် အိမ်ရာဟူ၍ ခွဲခြားတည်ဆောက်မည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုး ရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းထိန်က ပြောသည်။ သို့သော်အဆိုပါစီမံကိန်းကိုမည်သည့် အချိန်တွင် စတင်မည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အခြေခံပြည်သူများအတွက် ရည်ရွယ်သည့် အငှားချအိမ်ရာစီမံ ကိန်းအတွက် ကုန်ကျမည့်ဆောက်လုပ်ရေးစရိတ် ပေအကျယ်အခန်းယူနစ်ကို တွက်ချက်နေဆဲဖြစ်ပြီး နှစ်ရှည်ကာလဖြစ်သည့် နှစ် ၄၀ မှ နှစ် ၅၀ အထိ အငှားချပေးရန် ရည်ရွယ်ထားကာ ဈေးနှုန်းမသတ် မှတ်ရသေးကြောင်း သိရသည်။

လက်ရှိတွင် ဆောက်လုပ် ရေးဝန်ကြီးဌာနက အငှားအိမ်ရာ ဖော်ဆောင်ရေးထက် အရောင်း အိမ်ရာ ဖော်ဆောင်ရေးကိုသာ အဓိက ဦးစားပေးလုပ်ဆောင်နေ သည်ဟု ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် နှစ်တို အရစ်ကျအိမ်ရာရောင်းချမှုစနစ် မှ ကျော်လွန်၍  အငှားအိမ်ရာစနစ် ဖြင့် ၀ယ်ယူခွင့်ရရှိရန် စီမံချက် များ ပြောင်းလဲအကောင်အထည် ဖော်သင့်ကြောင်း မြို့ပြပညာရှင် များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်အချို့က အကြံပြုထားသည်။

‘‘ဒီပုံစံနဲ့ သွားနေလို့ကတော့ ရန်ကုန်မြို့မှာ ၀င်ငွေအသင့်အ တင့်ရှိသူတောင် အိမ်ပိုင်ဆိုင်ခွင့် ရဖို့ မလွယ်ဘူး။ အငှားအိမ်ရာ စနစ်က နိုင်ငံတကာမှာလည်း ကျင့်သုံးနေတယ်။ ဒီမှာလုပ်လည်းရတယ်။ ဘာကြောင့် မလုပ်နိုင် တာလဲဆိုတာ စဉ်းစားလို့ မရဘူး’’ ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက် တာကျော်လတ်က ပြောသည်။

အငှားချအိမ်ရာစနစ်သည် ၀င်ငွေနည်း ပြည်သူများအတွက် အိမ်ပိုင် နေထိုင်ခွင့်ရရှိရန် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး အစိုးရကဦးဆောင်ပံ့ပိုးမှုများ ပြုလုပ်သွားရန်လိုကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

‘‘ဘဏ်စနစ် ခိုင်မာဖွံ့ဖြိုး လာရင် အငှားအိမ်ရာရောင်းချမှုက အလုပ်ဖြစ်လာမှာပါ။ အခုအချိန်မှာတော့ လုပ်ဆောင်ဖို့ ခက်ခဲနေဦးမှာပဲ’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင် လူဦးရေ ထက်ဝက်ကျော်သည် အိမ်ရာပိုင် ဆိုင်ခွင့် မရှိဘဲ နှစ်စဉ်တိုးမြင့်နေ သော အိမ်ငှားခများဖြင့် ရုန်းကန် နေကြရသော်လည်း အစိုးရက ထိရောက်စွာဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ညိုညိုသင်းက ပြီးခဲ့သည့် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရွှေပြည်သာမြို့နယ်၌ ရှစ်ခန်းတွဲခြောက်ထပ် အဆောက် အအုံ လေးလုံးဆောက်လုပ် ရောင်းချရန် ပြင်ဆင်လျက် ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင်လည်း မွေးမြူရေးနှင့် ကျေးလက်ဝန်ကြီး ဌာနပိုင်မြေဧက ၄၀ ကျော်တွင် အငှားချအိမ်ရာစီမံကိန်း တည်ဆောက်ရန် ပြီးခဲ့သည့်လက တင်ဒါခေါ်ယူထားသည်။
7 day

No comments:

Post a Comment