Monday, November 23, 2015

ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် သေဆုံးသူအရေအ တွက် တိုးလာနေပြီး စုစုပေါင်း ၁၀၅ ဦးရှိပြီဖြစ်ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သတင်းရရှိသည်။


နိုဝင်ဘာ ၂၁ ရက် နံနက် ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှ ပေ ၁,၀၀၀ ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံသည် ရေမဆေးကျောက်ရှာဖွေသူများ နေ ထိုင်သည့် တဲအိမ်များအပေါ် ပြိုကျခဲ့ခြင်းဖြစ်သည်။

မြေစာပုံအောက်တွင် ပိနေ သူများအနက် နိုဝင်ဘာ ၂၁ ရက် ညအထိ ရုပ်အလောင်း ၇၉ လောင်း ပြန်လည်တူးဖော်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ၂၆ လောင်း ထပ်မံရှာဖွေနိုင်ခဲ့သည်ဟု ဖားကန့်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး နိုင် ဝင်းက ပြောကြားသည်။

‘‘မြေပိသေဆုံးတာ စုစုပေါင်း ၁၀၅ ယောက် ပြန်ရှာတွေ့ထားတယ်။ အမျိုးသမီးအလောင်း နှစ် လောင်းပါတယ်။ ဒီညနောက်ဆုံးစာရင်းပဲ။ မနက်မှ ဆက်ရှာမယ်’’ဟု ဖားကန့်မြို့မရဲစခန်းမှူး နိုင်ဝင်းက ပြောသည်။

သေဆုံးသူ အများစုသည် နယ်ပေါင်းစုံမှ လာရောက်ပြီး ဖားကန့်တွင် အခြေချနေထိုင်သူများဖြစ်ကာ ပြန်သယ်သွားသည့် ရုပ်အလောင်းနှစ်ခုသည် စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ ဖြစ်သည်ဟု သတင်းရရှိ သည်။

စွန့်ပစ်မြေစာပုံမှာ လျှန်ရှန်းမျိုးနွယ်စု၊ ရတနာရောင်ခြည်နှင့် ရတနာအောင်ချမ်း ကုမ္ပဏီတို့ ပေါင်းကာ မြေစာစွန့်ပစ်သည့် တစ်သုံးလုံး စွန့်ပစ်မြေစာပုံဖြစ်ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဒေသ တွင်း လူမှုရေးအဖွဲ့အစည်းများက နှစ်ရက်မြောက်အထိ ရှာဖွေရေးများ ဆက်လက်လုပ်ဆောင်နေ သည်ဟု လုံးခင်းနယ်မြေရဲစခန်းမှ ရဲအုပ်ထင်ကျော်က ပြောသည်။

‘‘အဓိကကတော့ ကျူးကျော် တွေသွားနေကြတာ။ ရေမဆေး ကျောက် ရှာသူတွေကတော့ ဒီမှာထိန်းလို့ကို မနိုင်တာ။ ရှာဖွေရေး တွေ ထပ်လုပ်သွားမှာပါ’’ဟု ရဲအုပ်ထင်ကျော်က ပြောသည်။

ဖားကန့်ဒေသတွင် ယခင်က စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် လူသေဆုံးမှု မကြာခဏဖြစ်ပွား ခဲ့သော်လည်း ယခုကဲ့သို့ လူတစ် ရာခန့် အစုလိုက်၊ အပြုံလိုက် သေဆုံးမှုမျိုး မရှိခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

လူတစ်ရာကျော် သေဆုံးနိုင်သည်ဟု ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး လုပ်ဆောင်နေသူများ က ခန့်မှန်းထားကြသည်။ ကုမ္ပဏီများက စွန့်ပစ်မြေစာပုံများကို စည်းကမ်းတကျမပုံဘဲ ရေမဆေးကျောက် ရှာဖွေသူများကလည်း ထိန်းသိမ်းရခက်သောကြောင့် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံ အရပ်ဘက်အဖွဲ့အစည်း များက ပြောသည်။

ဖားကန့်မြို့ လူမှုကူညီရေး အသင်းမှ ကိုစိုင်းမြင့်က ‘‘ပေ ၁,၀၀၀ လောက်မြင့်တဲ့ အောက် ဘက်မှာ တဲတွေ လာထိုးနေကြ တယ်။ ဘယ်မြေစာပုံက ကျောက် အောင်မလဲ။ အောင်တယ်ကြား တဲ့ မြေစာပုံနောက် လိုက်ကြတာ။ ကုမ္ပဏီတွေကလည်း လက်လွတ် စပယ်ပုံတယ်။ ရေမဆေးရှာတဲ့သူ တွေကိုယ်တိုင်လည်း မကြောက်မရွံ့လုပ်ကြတော့ အခုလို ဖြစ်ကုန်တာ။ အုပ်ချုပ်ရေးပိုင်းက တင်း တင်းကျပ်ကျပ် ထိန်းချုပ်မှပဲ သတင်းဆိုး မကြားရမှာ။ မဟုတ် လို့ကတော့ ဖြစ်နေဦးမှာပဲ’’ဟု ပြောသည်။

ယခု မြေစာပုံပြိုကျမှုဖြစ်စဉ် ကြောင့် ရေမဆေးကျောက်ရှာဖွေ သူများနှင့် ကုမ္ပဏီများကို မည်ကဲ့သို့ ထိန်းချုပ်မည်နည်းဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ လောလောဆယ် ကယ်ဆယ်ရေး နှင့် ရှာဖွေရေးအပိုင်း လုပ်ဆောင် နေရသောကြောင့် အသေးစိတ် မပြောနိုင်သေးကြောင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘အခုမှ အလောင်းတွေက ရှာနေတာ။ ပြီးတောင် မပြီးသေး ဘူး။ လောလောဆယ်တော့ ရှာ ဖွေကယ်ဆယ်ရေး အရင်လုပ်နေ တယ်။ အဲဒါပြီးမှပဲ တစ်ဆင့်ချင်း လုပ်သွားဖို့တော့ ရှိပါတယ်’’ဟု ပြောသည်။

မိုးညှင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အန္တရာယ်ရှိသော စွန့်ပစ်မြေစာပုံ နေရာအနီးဝန်းကျင်တွင် နေထိုင် သွားလာခြင်းမပြုရန် ဌာနဆိုင်ရာ များက သတိပေးထားခဲ့ပြီး လိုက် နာမှုမရှိသောကြောင့် ယခုကဲ့သို့ လူသေဆုံးမှုများပြားခြင်းဖြစ် သည်ဟု ပြောသည်။

ဖားကန့်ဒေသတွင် ကျောက် စိမ်းတူးဖော်ရေး လုပ်ကိုင်သည့် ကုမ္ပဏီ ၂၀၀ ခန့်ရှိနေကာ မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက်ကာ ရေမဆေးကျောက်ရှာဖွေသူ နှစ် သိန်းခန့်ရှိနေသည်ဟု ဖားကန့်မြို့ နယ်ဒေသတွင်း ကျောက်စိမ်း ကုမ္ပဏီအချို့ထံမှ သတင်းရရှိ သည်။
7 day

No comments:

Post a Comment