Monday, November 23, 2015

၅၉(စ)နှင့် အမြီးမတစ်စေချင်

၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့ ၀မ်း မြောက်ဝမ်းသာ ဖြစ်ရသည်ကို ခေါင်းဆောင်ကြီးများ သိရှိစေရန် ဒီနေရာကနေ သတင်းစကားပါး လိုပါသည်။

အနိုင်ရ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကလည်း ရွေးကောက်ပွဲ ကြားကာလတည်ငြိမ်မှုရရှိစေဖို့ အတွက် ခေါင်းဆောင်ကြီးသုံးဦး နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း နိုဝင်ဘာ ၁၀ ရက်က စာဖြင့်ပေးပို့ ခဲ့သည်ကို ခေါင်းဆောင်ကြီးသုံး ဦးက ဖွင့်ဆိုဆွေးနွေးပါမည်ဆိုတဲ့ အကြောင်းကို အချိန်မဆိုင်းဘဲ ပြန်လည်အကြောင်းပြန်ခဲ့တဲ့အ တွက် မြန်မာပြည်သူအပေါင်းဟာ ရွေးကောက်ပွဲရက် မတိုင်မီက စိုးရိမ်စိတ်များ ပြေလျော့ကာ အ လွန်တရာနှလုံးစိတ်ဝမ်းအေးချမ်း နေကြပါသည်။ သမ္မတကြီး၊ ကာ ကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ဦး ဆောင်ကောင်းမှု၊ မြန်မာပြည်သူ တွေရဲ့ အပြောင်းအလဲကို ငြိမ်းချမ်းစွာ ပြောင်းလဲလိုတဲ့စိတ်ဓာတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသြဇာတွေကြောင့် ဒီကနေ့ မြန်မာ့ရွေးကောက်ပွဲဟာ အိမ် နီးချင်းနိုင်ငံများသာမက ကမ္ဘာက ပါ သြချချီးကျူးရလောက်တဲ့အထိ ဖြစ်ခဲ့ရပြီး အသွင်ကူးပြောင်းရေးကိုသည် လိုလည်းသွားလို့ရပါလားဆို တာကို ကမ္ဘာ့ပြည်သူတွေကို မက် ဆေ့ခ်ျပေး၊ သင်ခန်းစာပေးလိုက် သလိုဖြစ်သွားတဲ့အတွက် မြန်မာ ပြည်သူတစ်ယောက်အနေနဲ့ အ လွန်ပင်ဂုဏ်ယူကြောင်း ပြောကြားလိုပါသည်။

ဆင်ကောင်ကြီး အမြီးကျမှ တစ်၊ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို အကောင်းဆုံးတွေ လုပ် ပြခဲ့ပြီးခါမှ ဥပဒေပုဒ်မလေးအ ချက်တစ်ချက်ကြောင့်တော့ ကျွန် တော်တို့ရဲ့ အောင်မြင်မှုကို အ ကျည်းမတန်စေလိုပါ။ စာရေးသူ သည် ဥပဒေပညာရှင်မဟုတ်သ ဖြင့် ဥပဒေပိုင်းဆိုင်ရာကို မပြော လိုဘဲ ကျိုးကြောင်းဆီလျော်မှုကိုသာ တင်ပြလိုပါသည်။ ရွေး ကောက်ပွဲဆိုသည်မှာ ပြည်သူ့အ ဆုံးအဖြတ်သာ ဖြစ်သည်။ လွှတ် တော်ရွေးကောက်ပွဲဖြစ်စေ၊ သမ္မတ ရွေးကောက်ပွဲဖြစ်စေ ပြည်သူ့ အဆုံးအဖြတ်သာ ဖြစ်ပါ သည်။ စာရေးသူတို့နိုင်ငံအနေဖြင့် သမ္မတကို ပြည်သူက တိုက်ရိုက် ရွေးကောက်ခွင့်မရှိတဲ့ လွှတ်တော် ရွေးကောက်ပွဲဖြစ်ပါသည်။ ပြည် သူသည် လွှတ်တော်အမတ်ကို ရွေးသည်။ လွှတ်တော်အမတ်တွေ ကမှ သမ္မတကို ရွေးချယ်ရတာဖြစ် သဖြင့် တစ်နည်းဆိုရသော် သမ္မတကို သွယ်ဝိုက်သဘောတောင်မဟုတ်ဘဲ အမတ်တွေကို ကြားကတစ်ဆင့်ခံပြီး ရွေးချယ်စေတာဖြစ်သဖြင့် တိုက်ရိုက်ရွေးကောက်ခြင်းသဘောဆောင်ပါသည်။

ယနေ့ နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲတွင် ပြည်သူအားလုံးနီး ပါးသည် NLD ကို မဲအပြတ်အ သတ်ဖြင့် ရွေးကောက်ပြီးပြီဖြစ်ပါ သည်။ ဒီလိုမျိုးရရှိအောင် ပြည်သူ က NLD ကို ဘာကြောင့် မဲပေး လိုက်ရသနည်း။ အဖြေကရှင်းပါ သည်။

NLD ခေါင်းဆောင်ဥက္ကဋ္ဌ ကို ပါတီဥက္ကဋ္ဌခေါင်းဆောင် အဖြစ်မှ တိုင်းပြည်အစိုးရ ခေါင်းဆောင် (သမ္မတ) အဖြစ်သို့ပြောင်းလဲ အုပ်ချုပ်စေလိုသောကြောင့်ဖြစ်သည်။ သမ္မတကို တစ်ဆင့်ခံသာ ရွေးချယ်ခွင့်ရှိတဲ့ ပြည်သူက သူတို့သမ္မတဖြစ်စေလိုသောပါတီခေါင်းဆောင်ကို လွှတ်တော်မှာ မဲအပြတ်သတ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်အောင် အဲဒီခေါင်းဆောင်ရှိတဲ့ ပါတီဝင်တွေကို အမတ်တွေအဖြစ် လွှတ်တော်တွင်း အုံနဲ့ကျင်းနဲ့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူက မဲပေးတဲ့နေရာမှာ (၁)ပါတီခေါင်းဆောင်ဘယ်သူလဲ၊ (၂) ပါတီရဲ့နောက်ခံသမိုင်း၊(၃) ပါတီရဲ့ ပေါ်လစီ၊ (၄)ရွေးကောက်ပွဲကြေညာစာတမ်း၊ (၅)ပြည်သူနှင့် ဘယ်လောက်နီးစပ်သလဲဆိုတဲ့အချက်တွေပေါ်အခြေခံပြီး မဲပေးကြခြင်းဖြစ်ပါသည်။ ဒီနေရာမှာ ကိုယ်မဲပေးတဲ့ပါတီခေါင်းဆောင်က ဘယ်လိုလူမျိုး၊ ဘယ်လိုအရည်အချင်းရှိသလဲဆိုတာ မသိဘဲနှင့်တော့ဘယ်ပြည်သူကမှ အဲဒီပါတီကို မဲပေးမည်မဟုတ်ဘူးဆိုတာ အားလုံးအသိပင်ဖြစ်သည်။ ထို့ကြောင့်ပါတီကိုမဲပေးခြင်း၊ ပါတီခေါင်းဆောင်ကို သမ္မတဖြစ်စေလိုခြင်းသည်လည်း ပြည်သူရဲ့ ဆန္ဒအစစ်အမှန်ပင်ဖြစ် ပါသည်။

ယခုအခါ ပြည်သူတွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်၊ အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် မြင်တွေ့လို၍ NLD ပါတီကို တောင်ပြို ကမ်းပြို မဲအ ပြတ်အသတ်ဖြင့် အနိုင်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဒါပေမဲ့ ပြည်သူ၏ ဆန္ဒသည်ပုဒ်မ ၅၉(စ)ပါ အလွန်အကျူးတားမြစ်ချက်တခုကြောင့် မပြည့်ဝဘဲရှိနေသည်။ ကြက် သားဟင်းကောင်းတစ်ပွဲရထား သော်လည်း ဆားမပါသလိုဖြစ်နေ သည်။

သားသမီးတစ်ဦးနှစ်ဦး နိုင်ငံ ခြားသားအဖြစ် ခံယူလိုက်တာနှင့် ပဲ မြန်မာပြည်သူတွေဟာ အရည် အချင်းရှိတဲ့ခေါင်းဆောင်ကို နေ ရာပေးခွင့်မရဘူးဆိုတာ သန်း ပေါင်းများစွာသော ပြည်သူနှင့် နိုင်ငံအတွက် အလွန်ပဲနစ်နာပါ သည်။ ပုဒ်မ ၅၉(စ) တစ်ခုလုံး ဖြုတ်ပေးရန် ပြောလိုခြင်းမဟုတ် ပါ။ ပုဒ်မ ၅၉(ခ)ပါ နိုင်ငံတော် သမ္မတ၊ဒုသမ္မတများသည် မိမိနှင့် မိမိ မိဘနှစ်ပါးလုံး နိုင်ငံတော် အာဏာပိုင်နက်အတွင်း မွေးဖွား သော တိုင်းရင်းသားမှဖြစ်သည်။ နိုင်ငံသားဖြစ်ရမည်ဆိုတဲ့ တစ် ချက်တည်းနဲ့ပင် အမျိုးသားရေး၊ လုံခြုံရေးကို ကာရံထားမိစေပြီး ပြီးပြည့်စုံသော အချက်တစ်ချက် ပင်ဖြစ်သည်။ သမ္မတ၊ ဒုသမ္မတ ဖြစ်သူများသည် မြန်မာနိုင်ငံသား ဖြစ်ရုံမက တိုင်းရင်းသားပါ ဖြစ်ရ မည်ဆိုကတည်းက အတော်လေး ကို စည်းနှောင်မိပြီးသားဖြစ်နေပါ ပြီ။ ထို့ထက်ပိုချင်ပါက သမ္မတ- ဒုသမ္မတများ၏ ဇနီး၊ ခင်ပွန်းများ ကပါ မြန်မာနိုင်ငံသားဖြစ်နေရ မည်ကို ထပ်မံစည်းနှောင်ပြီးပါက ပို၍ ပြည့်စုံပြီးကောင်းမွန်သော ဥပဒေတစ်ခုဖြစ်သွားပြီဖြစ်၍ တိုင်းပြည်အတွက် စိုးရိမ်စရာဘာ မှ မရှိတော့ပေ။ သမ္မတ၊ ဒုသမ္မတ များ၏ သားသမီးများသည် တိုင်း ပြည်အုပ်ချုပ်ရေးနှင့် အနည်းငယ် မျှ သက်ဆိုင်သူများမဟုတ်ကြပါ။ အဲဒီလောက်ထိ လိုက်ကန့်သတ် နေလျှင် ပြည်သူက အရည်အ ချင်းရှိသည်ဟု ယူဆသော ခေါင်း ဆောင်များကို လက်လွှတ်ဆုံးရှုံး ခံရဖွယ်ရှိနေပါသည်။ ထိုသို့နစ်နာ ဆုံးရှုံးခဲ့ပါက ဒီဥပဒေကို ရေးဆွဲခဲ့ ကြသူ၊ ပြဋ္ဌာန်းခဲ့ကြသူများသာမ က ပြည်သူနဲ့ တိုင်းပြည်အတွက် ပါ နစ်နာဆုံးရှုံးရမည်သာဖြစ်ပါ သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥပဒေနှင့်ကိုက်ညီတဲ့ သမ္မတတစ် ယောက်ကို ခန့်ပေးပြီးဆုံးဖြတ် ချက်တွေကို သမ္မတအထက်ကနေ ပြီးတော့ သူမကချမှတ်ဆောင် ရွက်သွားမည်လို့ ပြည်သူ့ဆန္ဒနှင့် ထပ်တူညီစွာ ပြောလိုက်သဖြင့် အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွား ကြသည်။ တကယ်တော့ ဒေါ် အောင်ဆန်းစုကြည်က မီဒီယာ များရှေ့မှာ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောလိုက်လို့သိရတာ ဖြစ်သလို ဒါဟာ တကယ်ပကတိ လက်ရှိ အရှိတရားပင်ဖြစ်သည်။ သူမထုတ်ဖော်မပြောဘဲ ခပ်ဆိတ် ဆိတ်နေပြီး နောက်ကွယ်က ကြိုး ကိုင်ခဲ့လျှင်လည်း ဘယ်သူမှ သိ မည်မဟုတ်သလို ဘာမှလည်း ပြောလို့မရတာ အမှန်ပင်ဖြစ် သည်။ ဘာလို့လဲဆိုတော့ သူမ သည် စည်းထဲက ကစားနေတာ ဖြစ်သည်။ သူမက ပါတီဥက္ကဋ္ဌဖြစ် သည်။ ပြည်သူရဲ့ တစ်ခဲနက်ပေး ထားတဲ့ Mandate ရပြီးဖြစ်သည်။ သို့သော် ဘယ်လိုပင်ကျိုးကြောင်း ဆီလျော်စေကာမူ ဒီအစဉ်အလာ ကြီးကို ပြည်သူတစ်ယောက်အနေ ဖြင့် မဖြစ်စေလိုပါ။ သမ္မတသည် တိုင်းပြည်၏ ဥပဒေအရ အာဏာ အရှိဆုံး၊ ဆုံးဖြတ်ချက်အချနိုင် ဆုံး ပုဂ္ဂိုလ်သာဖြစ်စေလိုပါသည်။သမ္မတအထက်၊ ဥပဒေအထက် မှာ တစ်ယောက်ယောက်ရှိနေခြင်း ကို ပြည်သူတစ်ယောက်အနေဖြင့် မလိုချင်ပါ။ မလိုအပ်တဲ့ ဥပဒေ တစ်ကြောင်းကြောင့် စည်းနား ကပ်လျှောက်ပြီး လုပ်နေရတဲ့အ ဖြစ်မျိုးကလည်း မဖြစ်သင့်ပါ။ ကပ်လျှောက် နေရသူမှာလည်း တိုင်းပြည်နဲ့ ပြည်သူအပေါ် စေတ နာထားပြီး ကပ်လျှောက်နေရသော ကြောင့် အချိန်မရွေး စည်းပေါ်ကျ နိုင်သောကြောင့် သူ့မှာလည်း မ လွတ်လပ်သလို အန္တရာယ်လည်း များပါသည်။

ဒီမိုကရေစီ နိုင်ငံတော်ဟု ခေါင်းဆောင်များက ကြွေးကြော် ကြပါသည်။ လုပ်ရပ်တွေနှင့်လည်း သက်သေပြခဲ့ပါသည်။ ဤအ တိုင်းမှန်လျှင် ပြည်သူက ပလ္လင် ပေါ်တင်ထားတဲ့ သမ္မတ တစ် ယောက်လုပ်ချင်တိုင်း လုပ်ခွင့်မရ အောင် ပြည်သူနဲ့ဥပဒေတွေအရ တားဆီးထားပြီးဖြစ်ပါသည်။ ဒါ ကြောင့် ပြည်သူက ရွေးချယ်ထား တဲ့ ခေါင်းဆောင်ကို ဥပဒေနှင့် အ ညီသာ ခေါင်းဆောင်ဖြစ်စေလိုတဲ့ အတွက် မလိုလားအပ်သော ပုဒ်မ ၅၉(စ)ပါ အချက်အချို့ကို ပြင်ဆင်ပေးပါလို့ တောင်းဆိုပါရ စေ။ ဒီနေရာမှာ ပုဒ်မ ၅၉(စ)ကို ပြင်ဖို့ လူထုဆန္ဒခံယူပွဲလိုဟာတွေ ထပ်မံလုပ်ဆောင်ဖို့ မလိုအပ်ဘူး လို့ထင်မြင်မိပါသည်။ဘာကြောင့် လဲဆိုတော့ လူထုဆန္ဒကို နိုဝင် ဘာ ၈ ရက်မှာ သက်သေထင်ရှား ပြသခဲ့ပြီးဖြစ်၍ ဆန္ဒခံယူပွဲလိုမျိုး ထပ်မံလုပ်ဆောင်ဖို့ မလိုအပ် တော့ပါ။ လုပ်ခဲ့လျှင်လည်း နိုဝင် ဘာ ၈ ရက်က အဖြေမျိုးပဲထွက် လာမှာမို့ အချိန်ကုန်၊ ငွေကုန်၊ လူ ပင်ပန်းတာပဲ ဖြစ်ပါလိမ့်မည်။

ပြည်သူက သမ္မတအဖြစ် တင်မြှောက်ပြီးခါမှ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်၊ တိုင်းပြည်လုံခြုံရေးကို ခြိမ်းခြောက်ပါက သမ္မတကြီး၊ကာကွယ်ရေးဦးစီးချုပ်တို့ပင် ရှေ့ ထွက်လာစရာမလိုပါ။ ပြည်သူက ရှေ့ကနေဦးဆောင်ပြီး အဲဒီသမ္မ တကို ဆွဲချသွားမှာဖြစ်လို့ အရမ်း စိတ်မပူကြရန် ပြောကြားလို ပါသည်။ ရွေးကောက်ပွဲနှင့်အာဏာလွှဲပြောင်းရေး၊ ပြည်သူက ရွေး ချယ်လိုသော အစိုးရခေါင်းဆောင် (သမ္မတ)ကို ရွေးချယ်ရေးတွေသာ ချောချောမောမော ပြည်သူ့ဆန္ဒ ပြည့်ဝခဲ့ပါက သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်တို့ အနားယူ သွားတဲ့အခါ တိုင်းပြည်ထဲမှ လုံ ခြုံရေး၊ အစောင့်အရှောက်မပြော နှင့် အပ်တိုတစ်ချောင်းပင်မကိုင် ဘဲ ပြည်သူတွေကြားထဲ လမ်းလျှောက်ခဲ့ပါ။ သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ လုံခြုံရေး အစောင့်အရှောက်တွေဟာ စာရေးသူတို့ ပြည်သူတွေပဲဆိုတာ အသိပေးရင်း ပြည်သူ့ဆန္ဒကို အ လေးအနက်ထား အကောင်အ ထည်ဖော်ပေးနိုင်ပါစေ၊ ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေး ရင်း နိဂုံးချုပ်အပ်ပါသည်။
မိုးမြင့်ကြယ်
7 day

No comments:

Post a Comment